close

ရွှေတူးဖော်မှု

close

March 15, 2023

ကချင်ပြည်နယ် ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်မှုများကြောင့် ရေကြောင်းပြောင်းပြီး သောင်ထွန်းနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာဝတီမြစ်ရိုးတလျှောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာတွေကြောင့် ရေကြောင်းပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်ယန္တရားကြီးတွေနဲ့ နေ့ညမပြတ် ရွှေတူးဖော်နေတဲ့အတွက် ဧရာဝတီမြစ်အတွင်း ရေကြောင်းပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး သဲသောင်ပြင်တွေ ပေါ်ထွန်းလာတာလို့ ဆိုပါတယ်။

မြစ်ကြီးနားဒေသခံ တဦးက “ဧရာဝတီမြစ်ကြီးက ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် စုတ်ပြတ်သတ်နေပြီ။ နေ့ညမပြတ် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးနေတာ။ ရေကြောင်းတွေ ပြောင်းလဲတယ်။ သောင်တွေထွန်းပြီး တချို့နေရာတွေဆို ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးလို့တောင်ရနေပြီ” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတား အထက်ပိုင်း ဧရာဝတီမြစ်တလျှောက် မြစ်ဆုံအထက် မလိခချောင်းတလျှောက်မှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ ပြုလုပ်နေတာပါ။

ဝိုင်းမော်ဒေသခံတဦးက “အရင်က တနိုင်တပိုင် အင်ဝိုင်းလေးတွေနဲ့ ရွှေတူးတာပဲရှိတယ်။ အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်း မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နားမှာတင် ပေါ်ပေါ်ထင်ထင် စက်ယန္တရားကြီးတွေသုံးပြီး ရွှေအကြီးအကျယ်တူးတာ၊ ဧရာဝတီမြစ်ကြီးအတွင်း ဒီလိုသာ ဥပဒေမဲ့လုပ်ရပ်တွေရှိနေရင် မြစ်ကြီး မကြာခင် ပျက်စီးမှာ စိုးရိမ်တယ်။ ဘယ်အဖွဲ့အစည်းမှလည်း အရေးယူတာ မရှိတော့ဘူး” လို့ ပြောပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းနဲ့ မလိခချောင်းရိုးတလျှောက် ရွှေတူးဖော်မှု ပိုမိုများပြားလာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပေါ်လာပြီး မြစ်ရိုးကို မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်သူတွေ လုပ်ငန်းတွေ ဆုံးရှုံးနေပါတယ်။

သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတဦးက “ရွှေတူးဖော်နေတဲ့ မြစ်ရိုးတလျှောက်မှာ စိုက်ခင်းတွေရှိတယ်။ လှေလေးတွေနဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတာတွေ ရှိတယ်။ ရွှေတူးဖော်တာတွေကို စက်ယန္တရားကြီးတွေနဲ့ လုပ်တော့  ဧရာဝတီမြစ်ကို မှီခိုပြီး တနိုင်တပိုင် အသက်မွေးဝမ်းကျောင်း ပြုနေတဲ့သူတွေ အခက်အခဲတွေ ကြုံနေရတယ်။ ခုဆို ဧရာဝတီမြစ်ရေက နောက်ကျိနေတာပဲ။ ဧရာဝတီမြစ်ကြီးလည်း သယံဇာတကျိန်စာကနေ အမြန်လွတ်ကင်းပါစေပဲ ဆုတောင်းနေရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာနဲ့ အင်ဂန်းကျေးရွာကြား ဧရာဝတီမြစ်ရိုးတလျှောက် ရွှေတူးဖော်ရေးလုပ်ငန်းခွင်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပေမဲ့ ဧရာဝတီမြစ်ရိုးတလျှောက်နဲ့ မလိခချောင်းရိုးတလျှောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

4 mins Ago

March 31, 2022

ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတလျှောက် တရားမဝင် ရွှေတူးဖော်မှု ပိုများလာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက် စက်ယန္တရားကြီးတွေနဲ့ တရားမဝင် ရွှေတူးဖော်မှုတွေကို ဆက်လက်လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် စက်ယန္တာရားကြီးတွေနဲ့ ရွှေတူး‌ဖော်မှုဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအချိန်ကနေ မြစ်ကြောင်းတလျှောက် တစတစနဲ့ ပိုမိုများပြားလာပြီး ပြည်သူလူထုက မလိုလား ဝေဖန်မှုတွေ ရှိနေပေမဲ့ ‌‌စက်ယန္တရား ထောင်ချီနဲ့ တူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗန်းမော်တကြော သိသိသာသာ များလာတာက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကနေ ပိုများလာတယ်။ အခုခြေအနေနဲ့က နည်းသွားတာလည်း မရှိဘူး၊ များလာတာလည်းမရှိဘူး၊ ရှိနေတဲ့ ဖောင်တွေနဲ့ ဆက်တူးနေကြတာပဲ။ ပြည်သူလူထုက ဘယ်လောက်ပဲ ကန့်ကွက်ကန့်ကွက် တားပေးမယ့်သူ မရှိ‌တော့ ဒီအတိုင်းပဲ ဆက်တူးနေကြတာပေါ့” လို့ ဒေသခံ လူငယ်တဦးက ပြောပါတယ်။

မြစ်ကြောင်းတလျှောက် ရွှေတူးဖော်ရာမှာ ဘတ်ဖိုးမြေတူးစက် အသုံးပြုပြီးတော့ သံဖောင်အကြီးစားတွေနဲ့ တူးတဲ့နည်း၊ သံဘောင်စက်လှေတွေနဲ့ တူးတဲ့ပုံစံအပြင် အသေးစား ဝါးဖောင်တွေကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

မြစ်ကြောင်းတလျှောာက် ရွှေတူးဖော်ခွင့်ရဖို့အတွက် လေလံအဖွဲ့တွေကို စက်သေးအကြီးပေါ် မူတည်ပြီး လစဉ်ကြေးပေး တူးဖော်နေရတယ်လို့ ရွှေဖောင်မှာ လုပ်ကိုင်နေတဲ့ လုပ်သားတဦးက ပြောပါတယ်။

“လေလံအဖွဲ့က မြစ်ကို နှစ်ခြမ်းခွဲလိုက်တယ်။ ဟိုဘက်ကမ်းကို တူးမယ်ဆိုရင် ဟိုဘက်ကမ်း လေလံအဖွဲ့ကို ပေးရတယ်၊ ဒီဘက်ခြမ်း တူးမယ်ဆိုရင်တော့ ဒီဘက်ခြမ်းအဖွဲ့ကို ပေးရတယ်။ စက်အကြီးအသေးပေါ် မူတည်ပြီးတော့ ၁ လကို သိန်း ၂၀၊ ၂၅ သိန်း ပေးရတယ်။ အဲဒီ လေလံအဖွဲ့က ဘယ်သူတွေလဲ ဆိုတာတော့ ကောင်းကောင်းမသိရဘူး၊ ပြီးတော့ သေနတ်ကိုင်တဲ့ သူတွေလည်း ခဏခဏ ပိုက်ဆံလာတောင်းတယ်။”

လေလံအဖွဲ့နဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြား ဆက်လက်စုံစမ်းနေပါတယ်။

စစ်ကောင်စီလက်အောက်က တပ်သားတွေလည်း အင်အားအများအပြားနဲ့ ရောက်လာတတ်ပြီး ရွှေဖောင်တွေကို မီးရှို့တာတွေ ပြုလုပ်လေ့ရှိသလို ဆက်ကြေး တောင်းခံလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်ခရိုင်မှာ ရွှေတူးဖော်မှုတွေကို ရွှေဂူမြို့ အထက်ပိုင်းကနေ ဗန်းမော်မြို့အထက်ပိုင်းအထိ မြစ်ကြောင်းတလျှောက် ရွှေဖောင်ထောင်ကျော်နဲ့ တူးဖော်နေကြတာပါ။

12 months Ago
Up