close

ရွှေတံဆိပ်ဆုရ

close

May 12, 2022

ဗီယက်နမ်ဆီးဂိမ်းစ်တွင် Kurash နပန်းသတ်အားကစားနည်းမှ မြန်မာပထမဆုံးရွှေတံဆိပ်ဆုရ

ဗီယက်နမ်နိုင်ငံမှာ မေလ ၁၁ ရက်က ကျင်းပတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ Kurash နပန်းသတ် အားကစားနည်း + ၈၇ ကီလိုတန်းဗိုလ်လုပွဲမှာ  မြန်မာအားကစားသမား မအေးအေးအောင်က ပြိုင်ဘက် ဖိလစ်ပိုင်ကစားသမားကို အနိုင်ရပြီး  မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့ပါတယ်။

မအေးအေးအောင်ဟာ အကြိုဗိုလ်လုပွဲမှာ ပြိုင်ဘက် ထိုင်းအားကစားသမားကိုအနိုင်ရပြီး ဆီမီးဖိုင်နယ်မှာအိမ်ရှင်ဗီယက်နမ်အားကစားသမားကို ဆက်လက်အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲမှာ ဖိလစ်ပိုင်အားကစားသမား TANGCONTIAN SYDNEY SY ကို အနိုင်ရရှိကာ ရွှေတံဆိပ်ဆုရခဲ့တာ ဖြစ်ပါတယ်။

မအေးအေးအောင်ဟာ ၂၀၀၇ ထိုင်းနိုင်ငံဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဂျူဒိုအားကစားနည်းနဲ့ ရွှေတံဆိပ်ဆုတစ်ကြိမ်၊ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းမှာ ရွှေတံဆိပ်ဆု တစ်ကြိမ်နဲ့ ၂၀၁၃ မြန်မာဆီးဂိမ်းမှာ ရွှေတံဆိပ်ဆုတစ်ကြိမ်ရခဲ့ဖူးပြီး အခုနှစ် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမှာရတဲ့ ရွှေတံဆိပ်နဲ့ဆိုရင် စုစုပေါင်း ရွှေတံဆိပ်ဆု ၄ ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိထားသူဖြစ်ပါတယ်။

မေလ ၁၀ ရက်ကလည်း  Kurash အားကစားနည်းကနေပဲ  အမျိုးသမီး  ၄၈ ကီလိုတန်းပြိုင်ပွဲမှာ မြန်မာအားကစားသမား မခင်ခင်စုက တတိယ ကြေးတံဆိပ်ဆု  ရယူပေးနိုင်ခဲ့ပါတယ်။

ဗီယက်နမ်မှာ လက်ရှိကျင်းပနေတဲ့ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်နေရာမှာ လက်ရှိ မြန်မာက ရွှေတံဆိပ်တခု၊ ကြေးတံဆိပ် ၁ ခု စုစုပေါင်း ဆုတံဆိပ် ၂ ခုနဲ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု အဆင့် ၇ မှာ ရပ်တည်နေပါတယ်။

Photo-MOI/MMKA

39 mins Ago

August 22, 2021

One Championship ကရာတေးပွဲတွင် မြန်မာမိန်းကလေးငယ် ရွှေတံဆိပ်ဆုရ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ၊  One Championship က စီစဉ်ကျင်းပတဲ့ အငယ်တန်း ကရာတေးပြိုင်ပွဲမှာ မူလတန်းကျောင်းသူ မြန်မာကလေးငယ် မမြတ်ကြာဖြူဇော်က  ရွှေတံဆိပ်ဆုရသွားပါတယ်။

ဩဂုတ် ၂၂ ရက် ဒီကနေ့ကျင်းပတဲ့ Shin Karate Junior ပြိုင်ပွဲ     women expert tournament 40kg အထက်တန်းပွဲစဉ်မှာ မြတ်ကြာဖြူဇော်က ပြိုင်ဘက် ဂျပန်ကလေးငယ်ကို အနိုင်ရပြီး ပထမရွှေတံဆိပ်ဆု ရရှိသွားတာပါ။  

အသက် ၁၂ နှစ်အရွယ် မြတ်ကြာဖြူဇော်ဟာ မြန်မာနိုင်ငံသားမိဘနှစ်ပါးကနေ ဂျပန်နိုင်ငံမှာ မွေးဖွားပြီး လက်ရှိတိုကျိုမြို့က မူလတန်းကျောင်းမှာ   ၆ တန်း တက်နေတဲ့  ကျောင်းသူလေး ဖြစ်ပါတယ်။

ကာရာတေး သင်တန်းတက်တာ ၈ လအကြာ ပထမဦးဆုံးပြိုင်ပွဲမှာ ခုလို ရွှေတံဆိပ်ဆု ရရှိခဲ့တာ ဖြစ်တယ်လို့ မိခင်ဖြစ်သူ ဒေါ်ချစ်စုအောင် ဒီဗွီဘီကို ပြောပါတယ်။

ကရာတေးကို ဆက်လက်ကစားမှာဖြစ်ပြီး ဒီဇင်ဘာမှာ ကျင်းပမယ့် ပြိုင်ပွဲမှာလည်း အနိုင်ရ ချန်ပီယံဖြစ်မယ်လို့ မိမိကိုယုံကြည်ကြောင်းလည်း မြတ်ကြာဖြူဇော်က ပြောပါတယ်။ 

ဓာတ်ပုံ- မချစ်စုအောင်

9 months Ago
Up