close

ရွှေတြိဂံ

close

January 12, 2022

ရွှေတြိဂံဒေသတွင် ထိုင်းစစ်တပ်နှင့် မူးယစ်သယ်အဖွဲ့ ပစ်ခတ်၊ အိုက်စီနှင့်စိတ်ကြွဆေးများ ဖမ်းမိ

ထိုင်း၊ မြန်မာ၊ လော ၃ နိုင်ငံနယ်စပ် ရွှေတြိဂံဒေသမှာ မနေ့ညက ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်သူတွေကြား ပစ်ခတ်မှုဖြစ်ပွားပြီး ထိုင်းစစ်တပ်ဘက်က စိတ်ကြွဆေးပြား ၁၂ သိန်း၊ အိုက်စ် ၂ ကီလိုနဲ့ ခေတာမင်း ၈၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တယ်လို့ Maesai Press သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ် အမှတ် ၃ စစ်ဒေသလက်အောက်ခံတပ်ဖွဲ့ဝင်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ နဲ့ နယ်မြေခံရဲတပ်ဖွဲ့ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့ညက ချင်းရိုင်းခရိုင် ကျိန်းဆဲန်မြို့နယ် ဘန့်ဆွ ပ်ဟုတ်ကျေးရွာအနီး မယ်ဟုတ်ချောင်းတလျှောက် လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် ည ၁၁ နာရီ လောက် မြန်မာဘက်ခြမ်းကုန်းအစွယ်ဘက်ကနေ ထိုင်းဘက်ဝင်လာတဲ့ လူတစ်စုကို တွေ့ရ ကြောင်း၊ သူတို့မှာ အထုပ်ကိုယ်စီနဲ့ လက်နက်တွေပါကိုင်ဆောင်လာလို့ စစ်ဆေးဖို့ အချက်ပေးလိုက်ရာမှာ တဘက်က အချက်ပေါင်းများစွာ စပစ်လို့ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုရှိ ခဲ့တယ်လို့ ထိုင်းစစ်တပ်တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အသံတွေငြိမ်သွားပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာတော့ မြွေရေခွံအိတ်တွေထဲ ထည့်ထားတဲ့  စိတ်ကြွဆေးပြား  တံဆိပ်မျိုးစုံ ၁၂ သိန်း၊ အိုက်စ်ရေခဲမူးယစ်ဆေး ၂ ကီလိုဂရမ်၊ ခေတာမင်းမူးယစ်ဆေး အလေးချိန် ၈၀ ကီလိုဂရမ်၊ ပြောင်းရှည်သေနတ် ၁ လက်၊ အမ်-၁၆ ၁ လက်နဲ့ ကျည်ကပ်တွေပါသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

မူးယစ်ဆေးသယ်ဆောင်ရာလမ်းကြောင်းကို သိရဖို့နဲ့ နောက်ထပ်သယ်ဆောင်လာမှာတွေကို ကာကွယ်ဖို့အတွက် အနီးနားတဝိုက်က စီစီကင်မရာတွေ ဆက်လက်စစ်ဆေးနေကြောင်း အမှတ် ၃ စစ်ဒေသတပ်မမှူး ဗိုလ်မှူးကြီး နရစ်ထဝွန်းဝုန်းက သတင်းထောက်တွေကိုပြောပါတယ်။

12 mins Ago

October 19, 2019

ရွှေတြိဂံ ကာစီနိုရုံမှ မြန်မာနှင့်လာအို အလုပ်သမား ၃၀၀‌ ကျော် လစာတိုးမြှင့်ပေးရေး တောင်းဆို

ရွှေတြိဂံဒေသ၊ လာအိုနိုင်ငံအတွင်း ဖွင့်လှစ်ထားတဲ့ ကာစီနိုရုံက မြန်မာနဲ့ လာအို အလုပ်သမား ၃၀၀ ကျော်ဟာ လုပ်ခလစာန ည်းပါးတဲ့အတွက် တိုးမြှင့်ပေးဖို့ လုပ်ငန်းခွင်မဝင်ဘဲ တောင်းဆိုခဲ့ကြရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမားတွေအနေနဲ့ အနည်းဆုံးလုပ်ခကို ယွမ် ၃၀၀၀ ပေးဖို့ တောင်းဆိုရာက အလုပ်ရှင်ဘက်က ငြင်းဆန်တာကြောင့် အလုပ်သမား ၃၀‌၀ ကျော် လုပ်ငန်းခွင်မဝင်ဘဲ စုပေါင်းတောင်းဆိုမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတဦးက “သူတို့ပေးတဲ့ လစာနည်းလို့ ထပ်တိုးပေးဖို့ တောင်းဆိုတာကို အလုပ်ရှင်ဘက်က မလုပ်နိုင်ရင် ထွက်လို့ မနေ့က ပြောတယ်။ ဒါကို မကျေနပ်ကြလို့ မြန်မာအလုပ်သမားတွေအပြင် လာအိုက အလုပ်သမားတွေကော ပေါင်းပြီး လစာထပ်တိုးမပေးရင် အားလုံး ထွက်မယ်လို့ဆိုပြီး အခု တောင်းဆိုနေတာပါ၊။ ဒီဘက်မှာက တရုတ်ယွမ်နဲ့ ထိုင်း ဘတ်ငွေကို သုံးကြတာ။ သူတို့ပေးတဲ့ လစာက စားဝတ်နေရေး မလုံလောက်ဘူး။ ဒါ့အပြင် သူတို့က အနိုင်ကျင့်တာတွေလည်း ပါလို့ တောင်းဆိုကြတာ “ လို့ပြောပါတယ်။ အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လာအိုဒေသ ရဲတွေနဲ့ တရုတ်ကုမ္ပဏီက လုံခြုံရေးတွေ ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းထားကာ ကာစီနိုက တာဝန်ရှိသူတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်နေကြပါတယ်။ ရွှေတြိဂံဧရိယာအတွင်း လာအိုနိုင်ငံဘက်ခြမ်းမှာ တရုတ်လုပ်ငန်းရှင်တွေက မြေဧက ၁၀၀ ကျော်ကို နှစ် ၁၀၀ စီမံကိန်းနဲ့ ငှားရမ်းပြီး China Town အဖြစ် ဟိုတယ်ကာစီနိုဇုန် ပြုလုပ်ထားတာပါ။ ဟိုတယ် ကာစီနိုဇုန်အတွင်း မြန်မာအလုပ်သမား ၁ သိန်းကျော်ရှိပြီး ကာစီနိုဖဲဝေအပြင် ပန်းရံ၊ လက်သမားနဲ့ ကျပန်းလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း မြန်မာအလုပ်သမားတွေကို လာအိုရဲတွေက တရားမဝင် နေထိုင်တယ်ဆိုပြီး နေအိမ်တွေအတွင်း ဝင်ရောက်ပြီး လူ ၅၀၀ လောက်ဖမ်းဆီးကာ တဦးကို ထိုင်းဘတ် ၂၀၀၀ နှုန်းနဲ့ ဒဏ်ရိုက်ခဲ့ဖူးပါတယ်။ မြန်မာအလုပ်သမားတွေဟာ မြန်မာ-လာအို နှစ်နိုင်ငံ အစိုးရအချင်းချင်း အလုပ်သမား MOU လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် တရားမဝင် အလုပ်သမားတွေအဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ ကိုဇက်
2 years Ago
Up