ကနေဒါနိုင်ငံ တိုရွန်တို ပီယာဆန် နိုင်ငံတကာလေဆိပ်မှာ ဧပြီ ၁၇ ရက်က ဒေါ်လာ ၁၅ သန်းနီးပါး တန်ဖိုးရှိတဲ့ ရွှေနဲ့ တခြားအဖိုးတန်ပစ္စည်းတွေ ခိုးယူခံလိုက်ရတာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် ညနေပိုင်းမှာ ဒီအဖိုးတန်ကုန်ပစ္စည်းတွေ လေယာဉ်ပေါ်ကို ရောက်လာခဲ့ပြီးနောက် အခုလို ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဧပြီ ၂၀ ရက်နေ့မှာ ပီးလ် ဒေသဆိုင်ရာ ရဲအရာရှိဖြစ်သူ စတီဖင် ဒူဝီဗက်စတိုင်းက သတင်းစာရှင်းလင်းပွဲအတွင်း အတည်ပြုပါတယ်။
ဒီလေယာဉ်ဆင်းသက်ခဲ့ပြီးနောက် ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ကုန်ပစ္စည်းတွေချကာ သိုလှောင်ရုံကို ယူဆောင်သွားခဲ့ပေမဲ့လည်း အချိန်တခုအကြာမှာ ပျောက်ဆုံးသွားတာ ဖြစ်ကြောင်း ဒူဝီဗက်စတိုင်းက ပြောပါတယ်။
ဒူဝီဗက်စတိုင်းက “ဒီလို တန်ဖိုးကြီးကုန်ပစ္စည်းတွေ ရောက်လာခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ကုန်လှောင်ရုံထဲကနေ တရားမဝင်နည်းလမ်းတွေနဲ့အတူ ယူဆောင်သွားတာဖြစ်တယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
အဖိုးတန်ကုန်ပစ္စည်းတွေ ပျောက်ဆုံးသွားကြောင်း အချိန်ခဏအကြာမှာပဲ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်သလို ဒီကုန်ပစ္စည်းကို သယ်ဆောင်လာခဲ့တဲ့ လေယာဉ်အနေနဲ့ ဘယ်ကလာပြီး ဘယ်ကိုနောက်ဆုံးသွားမယ် ဆိုတာကိုတော့ ဒူဝီဗက်စတိုင်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။