close

ရွှေပေါက္ကံမြို့သစ်

close

March 30, 2023

ရွှေပေါက္ကံမြို့သစ်တွင် လူနေအိမ်အောက် ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်ပြီး မီးလန့်မှုဖြစ်ပွား

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၂၀ ရပ်ကွက်၊ တမ္ပဝတီလမ်း၊ အမှတ် ၃၂ ရှိ လူနေအိမ်အောက်မှာ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် မီးလန့်မှုတခု မတ်လ ၃၀ ရက် နေ့လယ် ၁၁ နာရီ ၄၃ မိနစ်လောက်က ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းဟာ ၈ လက်မရှိပြီး တောင်ဒဂုံမြို့နယ်ကနေ ရွှေပြည်သာမြို့နယ် လှော်ကားအထိ ၅ မြို့နယ် ဖြတ်သန်းသွယ်တန်းထားတဲ့ ပိုက်လိုင်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနေရာမှာ အရင်က လူနေထိုင်ခြင်းမရှိတဲ့ ကွင်းပြင်သာဖြစ်ပေမဲ့ ၂၀၁၀ ခုနှစ်ကစလို့ ရပ်ကွက်ရုံးအဖွဲ့က မြေကွက်ရိုက် ရောင်းစားတာတွေကြောင့် အိမ်တွေများပြားလာတယ်လို့ သိရပါတယ်။

ယိုစိမ့်မှုဖြစ်ပေါ်ခဲ့တဲ့အိမ်က မိသားစုဝင်တွေကို လတ်တလော ရွှေ့ပြောင်းခိုင်းထားတယ်လို့ သိရပြီး ဓာတ်ငွေ့ပိုက်လိုင်းတောက်လျှောက်က လူနေအိမ်တွေမှာ မီးဘေးအန္တရာယ် အချိန်မရွေး ရှိနေနိုင်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဒီနေရာ အရင်က မီးတားကွင်း ပလပ်မြေပါ။ ဒီပိုက်လိုင်းတွေပေါ်မှာ ခွပြီး ဆောက်ထားတာ ဒီတလမ်းလုံးပါပဲ။ အရင်က လူကြီးတွေ အကွက်ရိုက်ပြီး ရောင်းစားထားတာ။ အခု အိမ်တွေများလာပြီ။ ဒီမှာတော့ ပထမဆုံးအကြိမ်ဖြစ်တာပါ။ ရှေ့လျှောက် နေပူမှာနဲ့ ဒီလို ပိုက်လိုင်းထပ်ပေါက်မှာနဲ့ဆို တရပ်ကွက်လုံးအတွက်ပါ အန္တရာယ်ရှိတယ်။”

ပိုက်လိုင်းပေါက်တဲ့နေအိမ်ရဲ့ အနောက်ဘက် မီးဖိုချောင်ကနေ ဓာတ်ငွေ့တွေ ထွက်ပေါ်လာလို့ မီးတောက်အနည်းငယ်ရှိနေတဲ့အချိန်မှာ ရပ်ကွက်နဲ့ မီးသတ်ဌာနတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ပိုက်လိုင်းဖာတာနဲ့ ဓာတ်ငွေ့ရှင်းလင်း‌ရေးကိုတော့ မီးသတ်ဌာနက နေ့လယ် ၁၂ နာရီ ၁၉ မိနစ်မှာ ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

13 hours Ago

December 11, 2022

ကျောင်းတက်နေသူများအား လူမှုကွန်ရက်တွင် ဆဲဆိုမှုဖြင့် ရွှေပေါက္ကံမြို့သစ်က လူငယ်တဦး ဖမ်းဆီးခံရ

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်မှာ အသက် ၂၂ အရွယ် လူငယ် တယောက်ကို လူမှုကွန်ရက်မှာ ကျောင်းတက်သူတွေကို ဆဲဆိုသဖြင့် စစ်တပ်က  ဒီဇင်ဘာ ၉ ရက်မှာ ဖမ်းသွားတယ်လို့  ၁၂ ရပ်ကွက် အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တဦးက  ပြောပါတယ်။ 

ဖမ်းဆီးခံရသူ နိုင်လင်းဦးဟာ ကိုဗစ်ကာလ ကျောင်းပိတ်ကတည်းက တက္ကသိုလ်ဆက် မတက်ဘဲ မိသားစုပိုင်  ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းမှာ ကူညီ‌လုပ်ကိုင်နေပေမဲ့ ကျောင်းတက်သူတွေကို ဆဲဆိုတာကြောင့် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

၁၂ ရပ်ကွက် အုပ်ချုပ်ရေးနဲ့ နီးစပ်သူက " သူ အဖမ်းမခံရသေးခင်က သူ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ထားတာကြောင့်လို့ ပြောတယ်။  ဒဂုံမှာ တက်နေတဲ့ သူ့သူငယ်ချင်းတွေ ကျောင်းသွား တက်တာကို ဆဲလို့ စစ်တပ်ကို တိုင်လိုက်တာ။ ကောင်လေးက ရုံးမှာ လာဖြေရှင်းတယ်။ ဒါနဲ့ ရုံးကနေ ထွေ/အုပ်မှာ သွားရှင်းပြတော့ စစ်စရာကျန်သေးလို့ ဆိုပြီး ဖုန်းနဲ့  ကောင်လေးကို တခါတည်း ခေါ်ထားလိုက်တာ။ အကိုတို့ကို ပြန်လွတ်လိုက်တယ်။"လို့ ဆိုပါတယ်။ 

ကျောင်းတက်နေသူ သူငယ်ချင်း နှစ်ယောက်ကို ဆဲဆိုတဲ့စာ ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ရာမှ ဟန်ငြိမ်းဦးချန်နယ်မှာ ဖမ်းဆီးဖို့ ဓာတ်ပုံ၊ လိပ်စာနဲ့တကွ  အတင်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီ ဘက်က လာမဖမ်းဆီးခင် အဖေဖြစ်သူနဲ့ ရုံးမှာ သွားရောက်ဖြေရှင်းရာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရတာလို့ သိရပါတယ်။

အဆိုပါရဲစခန်းနဲ့ နီးစပ်သူက "၉ ရက် နေ့လယ်ကတည်းက  ကွပ်ကဲရေးရုံးကို စာရင်းရောက်နေ တာ။ အဲဒီနေ့ မွန်းလွဲ ၂ နာရီလောက်ရောက်တော့  ကောင်လေးရယ်၊ သူ့အဖေရယ်၊ ၁၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ် လာပြီး ကောင်လေးအဖေက သူ့သားက PDF မဟုတ်ပါဘူးလို့ လာထွက်ဆိုတာ။ ဒါနဲ့ ကောင်လေးကို သီးသန့်အခန်းထဲ ထည့်ပြီး စစ်နေတာပါ။ စခန်းက စစ်ချက်ပြီးရင် စရဖ ဘက်က လာစစ်မယ်။ လောလောဆယ်တော့ ၅၀၅ နဲ့ စာတင်ထားတယ်။ စရဖ လာစစ်လို့ အဆင်ပြေရင် ပြန်လွှတ်မှာပါ။" လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် နိုင်လင်းဦးကို ရွှေပေါက္ကံရဲစခန်းမှာ စစ်ဆေးနေတာဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်မရဘူးလို့  သိရပါတယ်။

မိသားစုနဲ့ နီးစပ်သူ တဦးက  “သူက ၂၀၂၀  ကျောင်းတွေ ပိတ်ကတည်းက ကျောင်းမတက်တော့ တာ။ တက္ကသိုလ်က သူ့သူငယ်ချင်းတွေကို စရင်း နောက်ရင်း ခင်လို့ ဆဲမိတဲ့ သဘောပါ။ အဲဒါကို  တိုင်ခံရတာ။ NUG ပရိုဖိုင်လည်း တင်ခဲ့တာ ဆိုပေမဲ့ အာဏာသိမ်းခါစတုန်းက ကိစ္စဆိုတော့ ကြာပါပြီ။ အိမ်အလုပ်ပဲ   ဝိုင်းလုပ်ပေးနေတာ။ အခုလို အတိုင်ခံရတော့ လိုက်ဖြေရှင်းနေပါတယ်" လို့ ပြောပါတယ်။ 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ NUG ပရိုဖိုင်ထားသူ၊ PDF ထောက်ပို့သူ၊ CDM ‌ဝင်ထားသူတွေနဲ့ စစ်အာဏာဆန့်ကျင်သူတွေကို ပစ်မှတ်ထားကာ နာမည်၊ ပုံ၊ လိပ်စာနဲ့ တကွ ဖမ်းဆီးခိုင်းနေတာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေအနေနဲ့ ပရိုဖိုင်ကို lock ချတာ၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ရင်းနှီးတဲ့ သူငယ်ချင်း၊ မိသားစုဝင်ပုံတွေ Public မတင်မိ‌စေဖို့ နည်းပညာ ကျွမ်းကျင်သူတချို့က  တိုက်တွန်း ထားပါတယ်။ 

4 months Ago
Up