close

ရွှေပြည်တန်အမြန်ရေယာဉ်

close

December 12, 2022

ရွှေပြည်တန်အမြန်ရေယာဉ်နှင့် စစ်ရေယာဉ် တိုက်မိ၊ ခရီးသည် ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ စစ်တွေမြို့ကို ဒီဇင်ဘာ ၁၂ ရက် ဒီမနက် ၇ နာရီလောက်က ထွက်ခွာလာတဲ့ ရွှေပြည်တန် ခရီးသည်တင် အမြန်ရေယာဉ်နဲ့ စစ်ရေယာဉ်တို့တိုက်မိပြီး ခရီးသည် ၂ ယောက် ဒဏ်ရာရာသွားတယ်လို့  ရွှေပြည်တန်မြန်ရေယာဉ်တာဝန်ရှိသူက ပြောပါတယ်။

မြူ ကျနေတာကြောင့်  ဘူးသီးတောင်ချောင်းထွက်ဝမှာ ရပ်ထားတဲ့  စစ်ရေယာဉ်တစီးနဲ့  တိုက်မိခဲ့တာလို့ ဆိုပါတယ်။

အမြန်ရေယာဉ် တာဝန်ရှိသူက "မြူတွေကျနေတော့ ရပ်ထားတဲ့နေဗီကို မမြင်ရဘူး။ အနီးကိုရောက်ပြီး မြင်တော့ ကမ်းကို ထိုးရပ်လိုက်တာ။ နေဗီနဲ့တော့ လျှပ်ထိသွားတယ်။ ခရီးသည် ၂ ဦး ဒဏ်ရာရတယ်။ ဘူးသီးတောင်ဆေးရုံမှာ ဆေးကုပေးလိုက်ရတယ်။ တယောက်က ခေါင်းကွဲသွားတယ်။ နောက်တယောက်က ပွန်းပဲ့ဒဏ်ရာနဲ့ အကြောက်လွန်ပြီး သတိ‌မေ့သွားတာ" လို့ ပြောပါတယ်။

အခုလို တိုက်မိတာကြောင့် ခရီးသည် ၂ ယောက် ဒဏ်ရာရခဲ့သလို ခရီးသည်တင် အမြန်ရေယာဉ်ရဲ့ ဦးပိုင်း အနည်းငယ် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

"အခုဆို မင်းချောင်းတံတားကို ကျော်သွားပါပြီ။ နေ့လယ် ၁ နာရီလောက်ဆို စစ်တွေကို ရောက် တော့မှာပါ။ ဒဏ်ရာရသူတွေကိုတော့ စပိဘုတ်နဲ့ သွားသယ်လိုက်တယ်။ သူတို့လည်း ဆေးရုံက ဆင်းကြပါပြီ။ ဒဏ်ရာရတာက ရသေ့တောင်က တဦးနဲ့ စစ်တွေက တဦးပါ" လို့ ရွှေပြည်တန်မြန်ရေယာဉ်တာဝန်ရှိသူက ပြောပါတယ်။

အမြန်ရေယာဉ်မတော်တဆတိုက်မိခဲ့တာကြောင့် ဒဏ်ရာရပြီး ဆေးရုံတက်ကုသခဲ့ရတဲ့ အမျိုးသမီး ၂ ယောက်ကတော့  လက်ရှိမှာ ဘူးသီးတောင်မြို့ ရွှေပြည်တန်တာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ ကျန်းမာစွာအနားယူနေပြီး မနက်ဖြန်နေရပ်ကို  ပို့ဆောင်ပေးမယ်လို့ သိရှိရပါတယ်။

7 mins Ago
Up