ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က YFA အထည်ချုပ်စက်ရုံနဲ့ Kingsrich Myanmar အထည်ချုပ်စက်ရုံပိုင်ရှင်တို့ကို အလုပ်သမားနှစ်ဦးက ဥပဒေမဲ့ အလုပ်ထုတ်ပယ်မူအတွက် မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ပါတယ်။
YFA အထည်ချုပ်စက်ရုံက အလုပ်သမားမအိပိုပိုလှိုင်နဲ့ Kingsrich Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား မနှင်းဇာနည်လွင်တို့ကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နဲ့ မညီဘဲ ပြီးခဲ့နှစ်ကုန်ပိုင်းက အလုပ်ထုတ်ခဲ့ပြီး ဥပဒေပါနစ်နာကြေးပေးဖို့ စက်ရုံဘက်က ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒါနဲ့ပတ်သက်လို့ မြို့နယ်အလုပ်သမားရုံးမှာ သုံးကြိမ်တိုင်ညှိနှိုင်းခဲ့ရပြီး အလုပ်ရှင်ဘက်က ဥပဒေအတိုင်း လိုက်နာဖို့ ငြင်းဆန်ခဲ့ကာ နောက်တဆင့်အနေနဲ့ မြို့နယ်အလုပ်သမားဦးစီးမှူးက အလုပ်သမားကိုယ်စား တရားစွဲဆိုပေးရမယ့်အစား တရားစွဲဆိုစာသာ ထုတ်ပေးခဲ့တာကြောင့် အလုပ်သမားတွေက တရားစွဲဆိုလိုက်တာလို့ အဲဒီအလုပ်သမားတွေအရေး ကူညီနေတဲ့ CTUM ဒါရိုက်တာဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
"အလုပ်သမားတွေက တရားမစွဲနိုင်လောက်ပါဘူးလို့ သူတို့ထင်နေတာ။ အဲဒီအမြင်ကို ပြောင်းပြီး သိသွားရအောင် အလုပ်သမားက အလုပ်ရှင်ကို တရားစွဲတယ်ဆိုတဲ့အဖြစ် ဖြစ်လာစေတာပဲ။"
YFA စက်ရုံပိုင်ရှင်အပေါ် တရားစွဲဆိုမှုကို ဒီနေ့ ပထမဆုံးရုံးချိန်စခဲ့ပြီး Kingsrich Myanmar စက်ရုံပိုင်ရှင်အပေါ် တရားစွဲဆိုမူကို တရားရုံးကလိုက်ခံလိုက်တယ်လို့လည်း သိရပါတယ်။
အလုပ်သမားနစ်နာမှုပြဿနာတွေမှာ မြို့နယ်အလုပ်သမားရုံးတွေက အလုပ်သမားကိုယ်စား တရားစွဲဆိုပေးတာတွေ ရှောင်လွှဲနေပြီး တရားစွဲခွင့်စာသာ ထုတ်ပေးတာအများအပြားရှိနေကာ အဲဒါတွေအတွက်လည်း တရားစွဲဆိုရင်ဆိုင်မှုတွေ လုပ်သွားဖို့ရှိတယ်လို့ သူက ဆိုပါတယ်။
အာဏာသိမ်းကာလအတွင်း လုပ်ငန်းခွင်အငြင်းပွားမူတွေကို ညှိနိူင်းမှုအဆင့်ဆင့်နဲ့ သွားနေရာမှာ အလုပ်သမားတွေကသာ ရှုံးနေရပြီး မျှတတဲ့ဆုံးဖြတ်ချက်တွေမရတာကြောင့် တရားရုံးကနေ ဖြေရှင်းတဲ့ နည်းလမ်းသုံးတာလို့ သိရပါတယ်။
အခုတရားစွဲဆိုမှုဖြစ်စဥ်မှာလည်း တရားရုံးမှ ဘယ်လိုမျှတအောင်အဆုံးဖြတ်ပေးမယ်ဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး အလုပ်သမားတွေကတော့ အမှန်တရားရတဲ့အထိ ဆက်ပြီး ရင်ဆိုင်သွားဖို့ ရှိတယ်လို့လည်း ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်၊ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်မှာ ဇန်နဝါရီ ၆ ရက် ဒီနေ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သတင်းပေးချက်အရ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်ကို ဝင်ရောက်စစ်ဆေးရာ ရိုဟင်ဂျာ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
“ကားနဲ့ လာခေါ်သွားတာပဲ၊ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး။ သူတို့ကို ကွင်းဆက်နဲ့မိတယ်လည်း ပြောတယ်။ အိမ်ရှင်တွေကိုလည်း စစ်နေတယ်။”
မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက် တော်ဝင်လမ်း ဝိတိုရိယဆေးရုံအနီးမှာလည်း ဇန်နဝါရီ ၃ ရက် ည ၇ နာရီလောက်က ရိုဟင်ဂျာအမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သေးတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“၁ ရက်နေ့စပြီး ဆက်တိုက်မိတာ၊ ရန်ကုန်မှာ လေးကြိမ်၊ တချို့က ပွဲစားတွေက ငွေယူပြီး ကိုယ်လွတ်ရုန်းကြတာရှိတယ်။ ရောက်ရင်ပြီးရော၊ အဖမ်းခံရတာ မခံရတာ မသိဘူး၊ အဲ့လိုပို့တာ။”
ဇန်နဝါရီ ၁ ရက်နေ့ကလည်း အရှေ့ဒဂုံမြို့နယ် တိုးကြောင်ကလေးဘူတာမှာ ပွဲစား ၂ ဦးနဲ့ ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီးမိခဲ့သလို ဒီဇင်ဘာ ၂ ရက်ညပိုင်းကလည်း သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်မှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ မရမ်းကုန်း၊ သန်လျင်နဲ့ အရှေ့ဒဂုံမြို့နယ်တွေမှာ ဇန်နဝါရီ ၁ ရက်မှ ၆ ရက်နေ့အထိ ရိုဟင်ဂျာစုစုပေါင်း အမျိုးသား အေယာက် ၇၀ နဲ့ အမျိုးသမီး ၆၆ ဦး၊ စုစုပေါင်း ၁၃၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။