close

ရွှေဖောင်

close

May 13, 2022

ရွှေကူမြို့နယ် ဧရာဝတီမြစ်တလျှောက်က ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာရန် မြို့လှ PDF သတိ​ပေး

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ရိုးတလျှောက်က တရားမဝင် ရွှေတူးဖော်နေကြတဲ့ ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာသွားကြဖို့နဲ့ မလိုက်နာပါက ပစ်ခတ် ရှင်းလင်းသွားမယ်လို့ မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က ဒီနေ့ရက်စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။

မြစ်ရိုးတလျှောက်က ရွှေတူးဖော်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီး နေတဲ့အပေါ် ဒေသခံပြည်သူ‌တွေ စိုးရိမ်တကြီးတင်ပြ အကူအညီတောင်းခံလာတဲ့အတွက် အခုလို သတိပေးချက် ထုတ်ပြန်ရတာလို့ ပါရှိပါတယ်။ 

ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အမှန်တကယ် ခံစားနားလည်ပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုကာ ဧရာဝတီမြစ်အတွင်း လုပ်ဆောင်လျက်ရှိနေတဲ့ ရွှေဖောင်‌တွေ အမြန်ဆုံး ရုတ်သိမ်းပေးနိုင်ဖို့ ဦးစွာအသိပေးတောင်းဆိုတယ်လို့ ဆိုပါတယ်။

ရွှေဖောင်‌အားလုံး သတိပေးထုတ်ပြန်ချက် ထုတ်ပြန်ပြီး ၂၄ နာရီအတွင်း အပြီးအပိုင် ထွက်ခွာဖို့ နဲ့ သတိပေးထုတ်ပြန်ချက်ကို မလိုက်နာတဲ့ ရွှေဖောင်လုပ်ဆောင်နေသူတွေကို သဘာဝ ပတ်ဝန်းကျင်ဖျက်ဆီးနေသူတွေ၊ အများပြည်သူ‌တွေရဲ့အကျိုးစီးပွားကို ဆုတ်ယုတ်စေသူတွေ အဖြစ် သတ်မှတ်ပြီး ပစ်ခတ်ရှင်းလင်းသွားမယ်လို့ မြို့လှ PDF က သတိပေးထားပါတယ်။

ရွှေကူမြို့နယ်အတွင်း မြစ်ရိုးတလျှောက် ရွှေဖောင်ဖွဲ့ ရွှေတူးဖော်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စတင်တူးဖော်ခဲ့ကြတာဖြစ်ပြီး အစီးရေ ရာချီရှိတယ်လို့ သိရပါတယ်။

14 mins Ago

March 31, 2022

ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတလျှောက် တရားမဝင် ရွှေတူးဖော်မှု ပိုများလာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက် စက်ယန္တရားကြီးတွေနဲ့ တရားမဝင် ရွှေတူးဖော်မှုတွေကို ဆက်လက်လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် စက်ယန္တာရားကြီးတွေနဲ့ ရွှေတူး‌ဖော်မှုဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအချိန်ကနေ မြစ်ကြောင်းတလျှောက် တစတစနဲ့ ပိုမိုများပြားလာပြီး ပြည်သူလူထုက မလိုလား ဝေဖန်မှုတွေ ရှိနေပေမဲ့ ‌‌စက်ယန္တရား ထောင်ချီနဲ့ တူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗန်းမော်တကြော သိသိသာသာ များလာတာက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကနေ ပိုများလာတယ်။ အခုခြေအနေနဲ့က နည်းသွားတာလည်း မရှိဘူး၊ များလာတာလည်းမရှိဘူး၊ ရှိနေတဲ့ ဖောင်တွေနဲ့ ဆက်တူးနေကြတာပဲ။ ပြည်သူလူထုက ဘယ်လောက်ပဲ ကန့်ကွက်ကန့်ကွက် တားပေးမယ့်သူ မရှိ‌တော့ ဒီအတိုင်းပဲ ဆက်တူးနေကြတာပေါ့” လို့ ဒေသခံ လူငယ်တဦးက ပြောပါတယ်။

မြစ်ကြောင်းတလျှောက် ရွှေတူးဖော်ရာမှာ ဘတ်ဖိုးမြေတူးစက် အသုံးပြုပြီးတော့ သံဖောင်အကြီးစားတွေနဲ့ တူးတဲ့နည်း၊ သံဘောင်စက်လှေတွေနဲ့ တူးတဲ့ပုံစံအပြင် အသေးစား ဝါးဖောင်တွေကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

မြစ်ကြောင်းတလျှောာက် ရွှေတူးဖော်ခွင့်ရဖို့အတွက် လေလံအဖွဲ့တွေကို စက်သေးအကြီးပေါ် မူတည်ပြီး လစဉ်ကြေးပေး တူးဖော်နေရတယ်လို့ ရွှေဖောင်မှာ လုပ်ကိုင်နေတဲ့ လုပ်သားတဦးက ပြောပါတယ်။

“လေလံအဖွဲ့က မြစ်ကို နှစ်ခြမ်းခွဲလိုက်တယ်။ ဟိုဘက်ကမ်းကို တူးမယ်ဆိုရင် ဟိုဘက်ကမ်း လေလံအဖွဲ့ကို ပေးရတယ်၊ ဒီဘက်ခြမ်း တူးမယ်ဆိုရင်တော့ ဒီဘက်ခြမ်းအဖွဲ့ကို ပေးရတယ်။ စက်အကြီးအသေးပေါ် မူတည်ပြီးတော့ ၁ လကို သိန်း ၂၀၊ ၂၅ သိန်း ပေးရတယ်။ အဲဒီ လေလံအဖွဲ့က ဘယ်သူတွေလဲ ဆိုတာတော့ ကောင်းကောင်းမသိရဘူး၊ ပြီးတော့ သေနတ်ကိုင်တဲ့ သူတွေလည်း ခဏခဏ ပိုက်ဆံလာတောင်းတယ်။”

လေလံအဖွဲ့နဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြား ဆက်လက်စုံစမ်းနေပါတယ်။

စစ်ကောင်စီလက်အောက်က တပ်သားတွေလည်း အင်အားအများအပြားနဲ့ ရောက်လာတတ်ပြီး ရွှေဖောင်တွေကို မီးရှို့တာတွေ ပြုလုပ်လေ့ရှိသလို ဆက်ကြေး တောင်းခံလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်ခရိုင်မှာ ရွှေတူးဖော်မှုတွေကို ရွှေဂူမြို့ အထက်ပိုင်းကနေ ဗန်းမော်မြို့အထက်ပိုင်းအထိ မြစ်ကြောင်းတလျှောက် ရွှေဖောင်ထောင်ကျော်နဲ့ တူးဖော်နေကြတာပါ။

1 month Ago
Up