close

ရွှေဘိုခရိုင်

close

April 1, 2023

ရွှေဘိုခရိုင်တွင် စစ်ဘေးရှောင်ကလေးငယ်များ သင်ထောက်ကူများလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ရှိ  စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံရတဲ့ကျေးရွာက စစ်ရှောင်ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေလို အပ်နေတယ်လို့  S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။

အဲဒီရွာဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လက စာသင်ကျောင်းအပါအဝင် မီးရှို့ခံခဲ့ရတာဖြစ်ပြီး အသက် ၅ နှစ်ကနေ ၁၅ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် ၂၂၀ ကျော် စာသင်ကြားခွင့် မရခဲ့တဲ့အကြောင်းနဲ့ အခုအခါ စာသင်ဖို့ ဆရာ၊ဆရာမ လုံလောက်မှု ရှိပေမဲ့ စာရေးကိရိယာနဲ့ စာရေးစားပွဲတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

S&C အဖွဲ့တာဝန်ရှိသူက "အခုမှ ပြန်လည်ထူထောင်တာဆိုတော့ စာသင်ကြားပေးနေတာက မကြာသေးဘူး။ အခုက စာသင်ခုံတွေနဲ့သင်ထောက်ကူပစ္စည်းတွေ အဓိကလိုနေတာပေါ့။ ဆရာ၊ ဆရာမကတော့ အနီးနားကျေးရွာတွေက CDM တွေနဲ့ ဘွဲ့ရပြီးသား လူငယ်တွေဝိုင်းဝန်း သင်ကြားပေးနေတယ်”လို့ ပြောပါတယ်။

လတ်တလော စာသင်ကြားရာမှာလည်း အဖီဆွဲကာ သင်ကြားနေရတာဖြစ်ပြီး မိုးဒဏ်လေဒဏ် ခံနိုင်ရည် မရှိတာကြောင့် ကျောင်းဆောက်လုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အခုချိန်​မှာ မူလတန်းကနေ အလယ်တန်းထိ စာသင်ကြားပေးနေပြီး အခုလို ပြန်လည် ထူထောင်ရေးအတွက် ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေအနေနဲ့ ဝိုင်းဝန်း ကူညီပေးကြဖို့လည်း S&C အဖွဲ့မှတာဝန်ရှိသူက မေတ္တာရပ်ခံထားပါတယ်။

7 mins Ago

November 24, 2022

ရွှေဘိုခရိုင်ရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများ စောင်နှင့်အနွေးထည် အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူ နှစ်ထောင်ကျော် နေစရာ အခတ်အခဲရှိနေပြီး စောင်နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဆီ သိရပါတယ်။

အဆိုပါ ကျေးရွာကို ပြီးခဲ့တဲ့ ဩဂုတ် ပထမပတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိတယ် အထင်နဲ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ်ခြေ ၇၀၀ နီးပါး မီးလောင်ပျက်စီးကာ လူဦးရေ နှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

S&C မှ တာဝန်ရှိသူက “အတော်ဆိုးဆိုးဝါးဝါးဖြစ်ထားတော့ သူတို့အရမ်းကြောက်နေကြတာ။ ရွာမှာကအိမ်ခြေ ၁၀၀၀ ကျော်ရှိတယ်။ အိမ်ခြေ ၆၀၀ နီးပါးက မီးထဲပါသွားတာ။ လက်နှီးစုတ်တောင်မကျန် မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါ။ အခု အိမ်တအိမ်ကို ၂ သိန်းနဲ့ အလှူခံပြီးပြန်ဆောက်ပေးနေတယ်။ လောလောဆယ်အိမ်ခြေ ၅၀ ပြီးပြီ။ တိုက်တွေ ကားတွေနဲ့ နေခဲ့သူတွေက ခုချိန်မှာ ၂ သိန်းတန် ထန်းရွက်မိုး ဝါးထရံကာ အိမ်တလုံးထဲမှာ စုပေါင်းနေထိုင်နေကြရတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

မီးဘေးသင့် ပြည်သူများလိုအပ်နေတဲ့ နေစရာအတွက် S&C အဖွဲ့က အိမ်တလုံး ကျပ် ၂ သိန်းနှုန်းနဲ့ နေအိမ် ၅၀ ဆောက်ပေးထားနိုင်ပြီး အိမ်ခြေ ၅၀၀ ကျော်ကို ဆက်လက်ဆောက်ပေးနိုင်ဖို့ ငွေကြေးလိုအပ်နေသလို ဆောင်းတွင်းကာလ ဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့လှူဒါန်းလိုသူများအနေနဲ့ S&C မီးဘေးစစ်ဘေး ပညာရေး စောင့်ရှောက်ရေးအဖွဲ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် page မှာ အသေးစိတ်အချက်အလက်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

4 months Ago
Up