close

ရွှေဘိုတိုက်ပွဲ

close

May 8, 2022

ရွှေဘိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးနှင့် PDF ရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာထဲမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို မေ ၇ ရက် မွန်းလွဲ ၂ နာရီလောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၈ ဦး ကျဆုံးသွားတယ်လို့  People Defense Force Shwebo က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီစခန်းကို တိုက်ခိုက်ပြီးနောက် ဆိုင်ကယ် ၄ စီးနဲ့ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပဒေသာမိုင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး အပြင်းအထန်ဒဏ်ရာရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့  ပြန်လည်ပစ်ခတ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုချမ်းငြိမ်း (ခ) လက်မနှေး အသက် ၃၂ နှစ် ဟာ လက်နက်ကြီး ထိမှန် ကျဆုံးသွားတယ်လို့ သိရပါတယ်။

People Defense Force Shwebo ရဲ့ တာဝန်ရှိသူက “ဒီတိုက်ပွဲ ကျနော်တို့ဘက်က အရင်းနှီးကြီးခဲ့တယ်။ ကျဆုံးသွားတဲ့ ရဲဘော်အလောင်းကို ကြိုးစားပြီး ပြန်ယူခဲ့တယ်။ ကောင်းစွာ သင်္ဂြုဟ်လိုက်တယ်”လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ C&T SHWEBO ၊ Snake Eyes PDF၊ People Defense Force Shwebo ၊ Alpha 7၊ မဟူရာဇီးကွက်(ဒီပဲယင်း)၊ ပြုံးရွှင်(ဒီပဲယင်း)၊ အရာ‌တော်နောင်ရိုး၊ ဗိုလ်ကျားရိုင်း၊ဒေါင်းမာန် နဲ့ မဟာမိတ်တွေဖြစ်တဲ့ နဂါးပျံ သိဒ္ဓိရှင်တို့က သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

1 min Ago
Up