စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က မဟာနန္ဒာကန်တော်ရေဟာ ညစ်ညမ်းလာတာကြောင့် မြို့နေလူထုနဲ့ စည်ပင်အင်ဂျင်နီယာဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက်ပိုင်းက ကန်တော်သန့်ရှင်းရေး ဆောင်ရွက်တာတွေပြုလုပ်နေပါတယ်။
မဟာနန္ဒာကန်တော်ရေကို အိမ်ခြေ ၆၀၀၀ ကျော်မှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေ ရဲ့ သောက်သုံးရေးအဖြစ် အားထားနေကြရတာဖြစ်ပြီး ပြီးခဲ့တဲ့ တလလောက်ကစပြီး ကန်ရေထဲမှာ ရေညှိတွေပါလာလို့ သုံးစွဲလို့မရအောင် ဆိုးဝါးလာနေတယ်လို့ မြို့ခံတစ်ဦးကပြောပါ။
“ကျနော်တို့ တလ လောက်ရှိပြီ ရေကသောက်သုံးလို့မရတာ။ အစိမ်းရောင်ပေါက်နေတာ။ ရေညှိတွေပါတာပေါ့။ ငါးမွေးမြူရေးကန်တွေက ရေတွေဖေါက်ချလို့ ဖြစ်တာလို့ပြောတာပဲ။ အခုတော့ မြို့ခံလူထုနဲ့ ရွှေဘိုအင်ဂျင်နီယာဌာနတို့ ပူးပေါင်းပြီး ရေ သန့်ရှင်းအောင်ဆောင်ရွက်နေတယ်။”
မဟာနန္ဒာကန်တော်မှာ အစိုးရအဆက်ဆက် ကန်ထရိုက်ပေး ငါးမွေးမြူရေးလုပ်ခိုင်းနေတဲ့ အတွက် အခုလို ရေထုညစ်ညမ်းတာတွေဖြစ်ပေါ်လာတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ရွှေဘိုမြို့မှာ ၁၉၉၂ ခုနှစ်ကစပြီး မဟာနန္ဒာကန်တော်ကနေ ရေစတင်ပေးဝေခဲ့တာဖြစ်ပြီး အိမ်ခြေပေါင်း ၆၇၂၀ အထိ သောက်သုံးရေ အားထားနေရတဲ့ ရေအရင်းအမြစ်နေရာလည်း ဖြစ်ပါတယ်။