စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြွေပုဂံရွာကို စစ်ကောင်စီတပ်က မေ ၅ ရက် မနက် ၉ နာရီလောက်မှာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ကြွေပုဂံရွာကို အမှတ် ၁၀၊ စစ်အခြေခံလေ့ကျင့်ရေးတပ်က စစ်သား ၆၀ ဝန်းကျင်နဲ့ ဝင်ရောက်လာပြီး မီးရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ရွာထဲကို သေနတ်ပစ်ဖောက်ဝင်လာပြီး မီးရှို့တာ။ မီးလောင်ပျက်စီးတဲ့ နေအိမ်အရေအတွက် ကိုတော့ မသိရသေးဘူး။ ကြွေပုဂံနဲ့ ဒုစစ်က ရွာသားတွေ ပြေးနေရတယ်။”
ကြွေပုဂံရွာကို မီးရှို့တဲ့ စစ်သားတွေက ကြွေပုဂံရွာရဲ့ အနောက်ဘက်ကို ထွက်သွားခဲ့ပြီး လတ်တလောမှာ ပျက်စီးသွားတဲ့ နေအိမ်တွေကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးရွာကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မေ ၄ ရက် မနက်ပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ဗိုလ်ကျားကြီးအဖွဲ့မှ ဗိုလ်ကျားကြီးက ပြောပါတယ်။
“အင်အား ၇၀ လောက်နဲ့ ဟင်္သာမဘုန်းကြီးကျောင်းထဲ တပ်စွဲထားတယ်။ အိမ်က ၃ လုံး မီးရှို့တယ်။ ရွာသားတွေက အနီးအနားကို သူတို့စစ်သားတွေ ရောက်ကတည်းက ရှောင်နေကြတာ။”
စစ်ကောင်စီတပ်သားတွေက မေ ၃ ရက် နေ့ခင်းပိုင်းမှာ ကြက်တူရွေး၊ ဟင်္သာမ၊ မြစ်ကမ်းကြီး ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် လက်နက်ကြီး ရမ်းပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်နှစ်လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် အနီးအနား ကျေးရွာတွေက ပြည်သူ ၃,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့တက္ကသိုလ်အနီး အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အင်အား ၄၂ ဦး ပါ စစ်ကြောင်းဟာ ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးလာချိန် စောင့်ဆိုင်း တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
မေ ၃ ရက် မနက် ၆ နာရီလောက်မှာ လမ်းရှင်းဖို့ ကျေးရွာတွေဘက်ကို ရွှေဘို-ကျောက်မြောင်း လမ်းအတိုင်း စစ်ကြောင်းထိုးလာရာ တအုံးရွာကတဆင့် အုးပေါက်ရွာအရှေ့ဘက်ကို အရောက် အသင့်စောင့်နေတဲ့ BLack Wolf Army နဲ့ ပူးပေါင်းကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
Black Wolf Army က ပြောရေးဆိုခွင့်ရှိသူတဦးက "ကျနော်တို့က သတင်းရထားတာပါ။ ပထမလမ်းတင်စောင့်တိုက်မလို့ကို ဒီကောင်တွေက တအုံရွာမှာ ပြည်သူတွေကို ဖမ်းသွားတာ။ ပြည်သူတွေကို အုန်းပေါက်ဘုရားမှာ ထားပြီး ဆက်အထွက်ကျနော်တို့နဲ့ ထိတွေ့တာပါပဲ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါ။ လေ့ကျင့်ရေး ၈ က ထွက်လာတဲ့ကားကိုလည်း မိုင်းဆွဲ နိုင်ခဲ့ပါတယ်။ သေတာက ၃ ဦး၊ ဒဏ်ရာရတာတော့ ၄ ဦးလောက်ပါ။ ဒရုန်းနဲ့ လိုက်ဗုံးကြဲတယ်။ ပြီးတော့ ခမရ ၁၂ က ထောက်ပို့ ၁၂ ဘီးကားကို ကင်းပုန်းတွေကြားက မိုင်းဆွဲနိုင်ခဲ့ပါသေးတယ်။ တစ်ရက်ထဲကို သုံးကြိမ်ပါ” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ တအုံကျေးရွာအရောက်မှာ ဒေသခံ ၁၅ ဦးထက်မနည်း ဖမ်းဆီးကာ အုံးပေါက်ရွာဘက်ကို ဆက်လက်စစ်ကြာင်းထိုးလာခဲ့ကာ လူသားဒိုင်းအဖြစ် ဖမ်းဆီးလာတဲ့ ပြည်သူတွေကို အုံးပေါက်ရွာ အလယ်ဘုရားမှာ ထားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိကျေးရွာတွေက စစ်ဘေးရှောင် လူဦးရေ ၁၀၀၀ ကျော်ကို မေလ ၁ ရက်နေ့ ညနေမှာ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ထမင်းကျွေးအလှူပြုလုပ်ခဲ့ပါတယ်။
S&C အဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က “စစ်ဘေးရှောင်တွေ မနေ့က တချို့တဝက် ပြန်သွားကြပေမဲ့ ဒီနေ့ညနေမှာ စစ်ကြောင်းထိုးလာတာကြောင့် တခြားတနေရာက လူဦးရေ ၁၀၀၀ ကျော် ထပ်ပြီး ရောက်လာပါတယ်။ အရင်နေ့တွေကတော့ အသီးအရွက်တွေ ကျွေးရနေရပေမဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ကူညီမှုကြောင့် အသားဟင်းနဲ့ ကျွေးနိုင်ခဲ့ပါပြီ” လို့ပြောပါတယ်။
S&C အဖွဲ့ဟာ ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ဖျက်ဆီးမီးရှို့တာခံခဲ့ရတဲ့ လူနေအိမ်တွေ၊ အသက်မွေးဝမ်းကျောင်း စက်ရက်ကန်း လက်ရက်ကန်း အလုပ်ရုံတွေအတွက် ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
S&C အဖွဲ့အနေနဲ့ ပြည်သူလူထုအတွက် နေအိမ်အလုံး ၁၅၀ နဲ့ လက်ရက်ကန်းစင် ၁၀ စင် ပြန်လုပ်ပေးနိုင်ခဲ့သလို အိမ်ထောင်စု ၁၀၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆားတွေ လှူဒါန်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် မီးဘေးသင့် သက်ကြီးရွယ်အို ၁၇၀ ကို သက်ကြီးပူဇော်ပွဲ လုပ်ပေးနိုင်ခဲ့ပြီး စာသင်ကျောင်းတွေ၊ ကျောင်းအိမ်သာ ၃ လုံး၊ ရေရှားပါးတဲ့ ရွာတွေကို စက်ရေတွင်း လက်ရေတွင်း ရေကန်တွေ တူးဖော်ပေးခဲ့ကာ စက်ရေတွင်းအတွက် မီးစက်မော်တာလည်း တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။