ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း တနှစ်ပြည့်အခမ်းအနားကို မေ ၁၁ ရက်က စစ်ကိုင်းတိုင်းထဲမှာ ကျင်းပခဲ့ပါတယ်။
ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တနှစ်တာကာလအတွင်း ကချင်လွတ်မြောက်ရေးတက်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပြည်သူ့စစ်သား စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ PSPT တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ စစ်ပညာတွေ သင်ယူခဲ့ရတယ်လို့ သိရပါတယ်။
လက်နက်ကိုင်တော်လှန်ရေးကာလ တနှစ်အတွင်းမှာ ရွှေဘို PDF တပ်ဖွဲ့ဘက်မှာ ဆုံးရှုံးနစ်နာမှုတွေ ရှိခဲ့ပေမဲ့ တော်လှန်ရေးကို နောက်မဆုတ်ဘဲ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ ရှေ့ဆက်တွန်းလှန်သွားမှာဖြစ်လို့ ငွေကြေးအင်အားတတ်နိုင်တဲ့ ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး တာ်လှန်ရေးအဖွဲ့တွေကို ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်လို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဟာ လှိုင်းတံပိုးဖြစ်တယ်။ အနိမ့်အမြင့်တွေ ရှိတယ်။ ခွန်အားတွေလည်း ရှိတယ်။ ပြီးတော့ ဖြိုဖျက်နိုင်စွမ်းလည်း ရှိတယ်။ ကျနော်တို့ဟာ နွေဦးလည်းဖြစ်တယ်။ ပွင့်သစ် ပုရစ်ဖူးနဲ့ တတောင်လုံးဝေ တတောလုံး ပျံ့သင်း ဖူးပွင့်လိုက်ဖို့လည်း အသင့်ရှိပါတယ်” လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောထားပါတယ်။
လက်နက်ကိုင်တော်လှန်ရေးကာလ အစမှာ စစ်ကြောင်းအကြိမ်ကြိမ်ထိုးခံရပြီး စခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ပေမဲ့ သွေးစည်းညီညွတ်စွာ အလံမလှဲဘဲ တော်လှန်နေဆဲ ရဲဘော်ညီကိုများနဲ့ လက်နက်ဖိုးမှအစ ရိက္ခာအဆုံး နိုင်ရာအားနဲ့ ထောက်ပံ့ပေးခဲ့ကြတဲ့ ပြည်သူတယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ကြောင်း ရွှေဘို PDF က ပြောထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီထောက်ခံသူတွေ၊ ဒလန်တွေ ရွှေဘိုမြို့ကနေ အမြန်ဆုံး ထွက်သွားဖို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်က မေလ ၁၇ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ PDF က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ထောက်ခံအားပေးကူညီသူတွေနဲ့ ဒလန်တွေကို မတ်လ ၁၆ ရက်နေ့မှာ ပြောက်ကျားတိုက်ခိုက်ရှင်းလင်းတာတွေ စတင်ဆောင်ရွက်နေတယ်လို့ ရွှေဘို PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ရွှေဘိုမြို့က စစ်ကောင်စီပိုင် စီးပွားရေးလုပ်ငန်းတွေအားလုံးကိုလည်း မေလ ၁၇ ရက်နေ့မှာ စတင်ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ငန်းတွေကို မရပ်တန့်ဘူးဆိုပါက ရွှေဘိုလူငယ်တွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းပြီး တိုက်ထုတ်မယ်လို့လည်း ဆိုပါတယ်။
ရွှေဘိုမြို့ခံပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရေးအတွက် ဂရုစိုက်ကြဖို့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ စစ်ကောင်စီနေရာယူထားတဲ့ ဘဏ်၊ ရုံး စတဲ့နေရာတွေအနီးကို မသွားဖို့ ရွှေဘို PDF က သတိပေးတိုက်တွန်းထားပါတယ်။