စစ်ကောင်စီကို တိုက်ရိုက်ဝင်ငွေရစေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ဆင်ခေါင်းကျေးရွာအနီးရှိ ချင်းတွင်းမြစ်ရိုးပေါ်က တရားမဝင် ရွှေမျောလုပ်ငန်းတွေ ရပ်တန့်ကြဖို့ ကလေးဝ PDF က မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန် သတိပေးထားပါတယ်။
အဲဒီ ရွှေကျင်လုပ်ငန်းဟာ စစ်ကောင်စီကို ဝင်ငွေထောက်ပံ့သလို ဖြစ်နေပြီး သဘာဝရေမြေ သယံဇာတ တောတောင် မြစ်ကြောင်း သက်ရှိသတ္တဝါနဲ့ လူမှုဝန်းကျင်ကို ဆိုးရွားစေတဲ့ လုပ်ငန်းဖြစ်တာကြောင့် ရပ်တန့်ခိုင်းရတာလို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။
မိမိတို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီဝင်ငွေရစေမယ့် ဒေါက်တိုင်လုပ်ငန်းတွေကို ပိတ်ဆို့တားဆီးနေပြီး အများပြည်သူအကျိုး ရှေးရှုတဲ့အနေနဲ့ ရွှေကျင်လုပ်ငန်း လုပ်ကိုင်သူတွေ မတ် ၃၁ ရက် နောက်ဆုံးထားပြီး လုပ်ငန်းရပ်ဆိုင်းကြရမယ်လို့လည်း ဆိုပါတယ်။
သတိပေး ထုတ်ပြန်ကြေညာချက်ကို မလိုက်နာဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ ကလေးဝ PDF က သတိပေးထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်အတွင်းမှာ ရွှေမျှောလုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၀၀ ကျော်၊ အလုပ်သမား ထောင်ချီ လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ တရားမဝင် ရွှေမျှောလုပ်ငန်း လုပ်ကိုင်သူတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေ၊ တာဝန်ရှိသူတွေကို ၁ နှစ်စာအတွက် ကျပ်သိန်း ၅၀၀ လောက် ပေးပြီးလုပ်ဆောင်နေကြတာလို့ အလုပ်သမားတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြိုနယ်အတွင်းက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာ ရွှေမျောလုပ်ကိုင်တာတွေကို ရပ်တန့်ကြဖို့ ဖေါင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်က သတိပေး ထုတ်ပြန်ခဲ့ပါတယ်။
ဖေါင်းပြင်မြို့နယ်အတွင်းမှာရှိတဲ့ သငါ ၊ ရေအောက်တောင်း ၊ ကွမ်းတော ၊ စစ်သောင်ကျေးရွာတွေ တလျှောက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တရားမဝင်ရွှေမျောလုပ်ငန်းလုပ်ကိုင်နေကြသူတွေကို လုပ်ငန်းရပ်နားထားကြဖို့ ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
သတိပေးပြီးနောက် ဆက်လက်လုပ်ကိုင်နေရင် ဖြစ်ပေါ်လာမယ့်အန္တရာယ်အတွက် အာမခံနိုင်မှာ မဟုတ်ဘူးလို့လည်း အဆိုပါ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး တခြားစီးပွားရေးလုပ်ငန်းတွေ အဆင်မပြေကြတော့ ရွှေထွက်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ ရွှေတူးဖော်ရှာဖွေတာတွေ အရင်ကထက်များလာတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။
ရွှေဈေးမြင့်တက်နေပေမဲ့ လောင်စာဆီဈေးကလည်း တက်နေတာကြောင့် တချို့ရွှေမရဘဲ အဆင်မပြေတဲ့သူတွေရှိတယ်လို့ ရွှေမျောလုပ်ကိုင်နေသူတွေက ပြောပါတယ်။