ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ ဆွိတီးဟုမ်း မွေ့ယာစက်ရုံရှိ ဂိုဒေါင် ၂ လုံးမှာ မတ်လ ၂၉ ရက် ဒီနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ညနေ ၃ နာရီခွဲလောက်က မီးစလောင်ချိန် Level 2 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ကြပေမဲ့ မီးမထိန်းနိုင်လို့ Level 3 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတာကြောင့် ညနေ ၄ နာရီ ၁၄ မိနစ်မှာ မီးထိန်းနိုင်ပြီး ၄ နာရီ ၂၉ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ဆွိတီးဟုမ်းမွေ့ယာစက်ရုံဝင်းထဲက ဓာတုဗေဒပစ္စည်းနဲ့ ကုန်ကြမ်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တခုကနေ စတင်လောင်ကျွမ်းကာ ပြိုကျခဲ့ပြီး နောက်ထပ်ဂိုဒေါင် အဆောက်အဦ တလုံးပါ မီးလောင်ပြိုကျခဲ့တဲ့အပြင် ဝန်ထမ်းတွေရှိတဲ့ စက်ရုံဘက်ခြမ်းကိုပါ မီးကူးစက်ခဲ့တယ်လို့ သိရပါတယ်။
လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “စက်ရုံပင်မရုံတော့ မဟုတ်ဘူး၊ ဝင်းထဲက ဂိုဒေါင်လို ၂ ခုမှာ လောင်တာ။ ဂိုဒေါင်တဝက်စီ ပြိုကျမှုတွေ ရှိပါတယ်။ အထဲမှာ ဓာတုကုန်ကြမ်းတွေကို အခုထိ မီးငြှိမ်းနေရတုန်းပဲ၊ မွေ့ယာထဲထည့်တဲ့ ရေမြှုပ်တွေလည်း တွေ့ရတယ်” လို့ ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးတွက်ချက်နေဆဲလို့ သိရပါတယ်။
ရန်ကုန်မှာ မတ်လအတွင်း ၂၉ ရက်နေ့အထိ မီးလောင်မှု ၂၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာန မှတ်တမ်းတွေအရ သိရပါတယ်။
လှိုင်သာယာအနောက်ပိုင်းမြို့နယ် အလယ်ကျေးရွာ ကနောင်မင်းသားကြီးလမ်းရှိ ရွှေလင်ပန်းစက်မှုဇုန် ကော်မတီရုံးရှေ့ ရပ်ထားတဲ့ ခြောက်ဘီးဟီးနိုးကားပေါ်မှာ သေဆုံးနေတဲ့ အမည်မသိအမျိုးသားသုံးဦးကို အောက်တိုဘာ ၂၁ ရက် နေ့လယ်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဟီနိုးခြောက်ဘီးကားကို ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီရုံးရှေ့မှာ လွန်ခဲ့တဲ့ သုံးရက်လောက်က လာရပ်ထားတာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကြမ်းခင်းထဲက အပုပ်နံ့ရလို့ ဖွင့်ကြည့်တာ၊ ယောကျ်ားလေးအလောင်း သုံးလောင်းတွေ့တယ်၊ ပုပ်ပွနေပြီ ဘယ်သူမှန်းမသိဘူး။"
အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက "ကားက ဖွဲအိတ်တွေ၊ ဂျင်းအိတ်တွေတင်လာတာ။ အလယ်ပေါက် လေဝင်ပေါက်ကနေ အနံ့ထွက်လာတာ။ ပြောရမယ်ဆို ဖွဲအိတ်တွေ၊ ဂျင်းအိတ်တွေကြားမှာ သေနေတာ ဘယ်နှရက်တောင်ရှိပြီလဲတော့ မသိဘူး ရဲကစစ်ဆေးနေပါတယ်" လို့ ပြောပါတယ်။
လက်တလောမှာ သေဆုံး မျိုးသားသုံးဦးရဲ့ အလောင်းကို လှိုင်သာယာမြို့နယ်ဆေးရုံပို့ဆောင်ပြီး လှိုင်သာယာမြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရွှေလင်ဗန်းစက်မှုဇုန်မှာ အောက်တိုဘာ ၁၂ ရက်နေ့ ညနေကလည်း Delivery လိုက်ပို့တဲ့ လူငယ်တဦးကို ဓားနဲ့ထိုးသတ်ပြီး ဖုန်းနဲ့ပိုက်ဆံ လုယက်မှုဖြစ်ပွားခဲ့ပါသေးတယ်။