close

ရွှေလီနှင့် မူဆယ်

close

April 16, 2022

ရွှေလီနှင့် မူဆယ်တွင် လေပြင်းတိုက်ခတ်သဖြင့် မြန်မာအမျိုးသမီး ၂ ဦး သေဆုံး၊ အဆောက်အအုံများ ပျက်စီး

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တရုတ်ဘက်ခြမ်း ရွှေလီမြို့မှာ ဧပြီလ ၁၅ ရက် ညနေပိုင်းက လေပြင်းတိုက်တာကြောင့် မြန်မာနိုင်ငံသား အမျိုးသမီး တယောက်  သေဆုံးသွားတယ်လို့ ရွှေလီရောက် မြန်မာနိုင်ငံ သားတွေဆီက သိရပါတယ်။

ရုံးကြီးရှေ့မှာ မြန်မာနိုင်ငံသား အမျိုးသမီးတယောက် သေဆုံးသွားတာလို့ ရွှေလီမှာနေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတယောက်ကပြောပေမဲ့ ဓာတ်တိုင်ပိလို့လား တိုက်ပေါ်က လွှင့်ကျ သေဆုံးတာလားဆိုတာတော့၏အတိအကျ မသိရဘူး။

လေပြင်း ခဏတာ တိုက်သွားပေမဲ့ သစ်ပင်တွေလဲကျလို့  ကားတွေ အတော်များများ ထိခိုက်ပျက်စီးခဲ့သလို ဝမ်တိန်ဘက်မှာလည်း လေပြင်းတိုက်လို့  ဂိုဒေါင်တွေ  ပျက်စီးသွားတယ်လို့ ဝမ်တိန်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁ ဦး က ပြောပါတယ်။ 

"ဒီတစ်ခါ လေတိုက်ချက်က မူဆယ်ဘက်မှာရော ရွှေလီမှာရော လူ့အသက်တွေပါ ပါတယ်။" 

မြန်မာနိုင်ငံဘက် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မှာလည်း ဧပြီလ ၁၅ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် စာသင်ကျောင်နဲ့ လူနေအိမ်ခေါင်မိုးတွေပျက်စီး၊ ဓာတ်တိုင်တွေနဲ့ သစ်ပင်ကျိုးကျ ပိမိလို့ အမျိုးသမီးငယ်တယောက် သေဆုံးသွားတယ်လို့  ဒေသခံတွေနဲ့ ကူညီပေးသူတွေဆီက သိရပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် မူဆယ် အထက ၃ ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့  အမျိုးသမီးငယ် တယောက်ပေါ်ကို သစ်ပင်ကျိုးကျ ပိမိခဲ့လို့  အနီးနားရှိ လူတွေ ဆွဲထုတ် ကယ်ဆယ်ကာ ဆေးရုံပို့ဆောင်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ 

"လေပြင်းတော့ သစ်ကိုင်းကျိုးကျတာ ထိသွားပြီး သတိမေ့နေလို့ဆေးရုံပို့ပေးလိုက်တာ။ ဆေးရုံမှာပဲ ဆုံးသွားတယ်။" လို့ ကူညီပေးသူတယောက်က  ပြောပါတယ်။ ဒေသခံ တဦးကလည်း "အပြန်မှာတွေ့ခဲ့ပါတယ်။ စိတ်မကောင်းပါဘူး။" လို့  ပြောပါတယ်။

သေဆုံးသွားသူ အမျိုးသမီးငယ်ဟာ ဘယ်သူဘယ်ဝါဆိုတာ မသိသေးပဲ မနေ့ညနေအထိ မိဘတွေနဲ့  မိသားစုတွေ ဆက်သွယ်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။ 

မူဆယ်မြို့အပြင် နမ့်ခမ်း၊ ၁၀၅ မိုင်၊ သိန္နီနဲ့ မုံးပေါ်ဒေသ စတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနေရာ တော်တော်များများမှာ လေပြင်းတိုက်တာကြောင်း သစ်ပင်၊ သစ်ကိုင်း ကျိုးကျ၊ ‌နေအိမ်၊ အဆောက်အအုံတွေ အများအပြား ပျက်စီး သွားတာ တွေ့ရပါတယ်။  ဒါအပြင် မြန်မာနဲ့ တရုတ်နယ်ခြား စည်းရိုးတချို့ပါ  လဲပြိုကုန်တယ်လို့  ရွှေလီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

3 mins Ago
Up