close

ရွှေဝါရောင်ဦးဆောင်သံဃာ ဦးစန္ဒာသီရိ

close

April 7, 2023

နိုင်ငံရေးအကျဉ်းသား ဦးစန္ဒာသီရိ(ခ)ဦးပုရစ်နှင့် ကိုလျှံဖြိုးအောင်တို့ ပြန်လွတ်မြောက်

စစ်တပ်အာဏာသိမ်းပြီးနောက် မတရားအမှုဖွင့်ဖမ်းဆီးခံခဲ့ရတဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် ဆရာတော် ဦးစန္ဒာသီရိ(ခ)ဦးပုရစ်နဲ့ မြို့ပြအင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်တို့ နှစ်ဦး ဧပြီ  ၇ ရက်မှာ အကျဉ်းထောင်က  ပြန်လည်လွတ်မြောက်လာပါတယ်။

ဆရာတော် ဦးပုရစ်ကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ကာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ငြိမ်းချမ်းစွာဆန္ဒပြစဥ် စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ညာဘက်လက်တစ်ဖက်နဲ့ မျက်လုံးယမ်းစထိမှန်ခဲ့တဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင် ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကိုလျှံဖြိုးအောင်က သူ ပြန်လွတ်လာတဲ့အကြောင်းနဲ့  ဆေးကုသဖို့ စီစဉ်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ သတင်းစကားပါးထားပါတယ်။ 

ကိုလျှံဖြိုးအောင်ဟာ မကွေးနည်းပညာတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား  တဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မကွေးမြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲရဲ့ ရှေ့ဆုံးမှာ ဒိုင်းကာအဖြစ်တာဝန်နေစဉ် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်၊ ရိုက်နှက် ဖမ်းဆီးခံရတဲ့ ဒဏ်ရာတွေကြောင့် ညာဘက်လက်တဖတ်ဖြတ်ပစ်ခဲ့ရပြီး သေနတ်ဒင်နဲ့အရိုက်ခံရတဲ့ မျက်လုံးတစ်ဖက်ပါ  မျက်ကြည်လွှာ အစားထိုးခွဲစိတ်ကုသမှု မခံယူရင် ကွယ်ရမယ့်အနေထားကို ရောက်ခဲ့ရတာပါ။

ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်မှာလည်း  ဆေးကုသခွင့်မရခဲ့တဲ့အပြင်  ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ် ခံခဲ့ရတာဖြစ်ပါတယ်။  

လတ်တလော ပြန်လည်လွတ်မြောက်လာသူ ၂ ဦးကို စစ်ကောင်စီက ဘယ်လိုအခြေအနေနဲ့ ဘာကြောင့် ပြတ်လွှတ်ပေးလိုက်တယ်ဆိုတာတော့ မသိရသေးပါဘူး။ 

စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းယူအပြီး နိုင်ငံရေးအရအရေးပါသူတွေ၊ ကျောင်းသားခေါင်းဆောင်အပါအဝင် သံဃာတော်တွေကိုပါ မတရားပုဒ်မတပ် ဖမ်းဆီးထောင်ချခဲ့ပြီး ပြန်လည်လွတ် မြောက်လာသူတွေရှိပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့တကွ တခြားခေါင်းဆောင်တွေကိုတော့ ပြန်မလွှတ်ပေးသေးပါဘူး။

ဓာတ်ပုံ-ပေးပို့

15 mins Ago

March 20, 2021

ရွှေဝါရောင်ဦးဆောင်သံဃာ ဦးစန္ဒာသီရိကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော် ဦးစန္ဒာသီရိကို အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က   ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ဦးစန္ဒာသီရိ (ခေါ်) ဦးဇင်းပုရစ်နဲ့ အတူ ဦးတင်မိုးတို့ကို မတ်လ ၁၃ ရက်နေ့က ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။

ဦးစန္ဒာသီရိနဲ့ ဦးတင်မိုးတို့ဟာ ရွှေဝါရောင်သံဃာ့ကွန်ရက်(မန္တလေး)၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးတို့နဲ့ ချိတ်ဆက်ကာ CDM လှုပ်ရှားမှုမှာ သံဃာတော်တွေ ပါဝင်လာစေရန် လုပ်ဆောင်ခဲ့တယ်ဆိုပြီး တရားစွဲခံရတာဖြစ်ပါတယ်။

2 years Ago
Up