ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမှာ ဇူလိုင် ၂၃ ရက်က ရိုဟင်ဂျာ ၄၈ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေတဆင့် ငါးဖမ်းစက်လှေနဲ့လိုက်လာတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီရဲ့ ရေတပ်က ကင်းလှည့်ရင်း ပင်လယ်ပြင်မှာတွေ့ရှိရာကနေ ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ရေတပ်သင်္ဘောက ပင်လယ်ထဲတွေ့လို့ ဖမ်းတယ်ကြားတယ်။ ဘယ်သွားဖို့ ထွက်လာတယ်ဆိုတာတော့ မသိရသေးဘူး၊ အားလုံး ၄၈ ယောက် အမျိုးသမီးပိုများတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ရေတပ်သင်္ဘော အမှတ် ၅၅၉ ကင်းလှည့်ယာဉ်က ရွှေသောင်ယံကမ်းခြေရဲ့ အနောက်ဘက် ပင်လယ်ပြင်မှာတွေ့တဲ့ ငါးဖမ်းစက်လှေအား မသင်္ကာလို့ စစ်ဆေးရာကနေ ရိုဟင်ဂျာ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂၄ ဦးနဲ့ ကလေး ၂ ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိတဲ့ ရိုဟင်ဂျာ ၄၈ ဦးကို ရွှေသောင်ယံရဲစခန်းမှာ ဖမ်းဆီးထားပြီး အရေးယူဖို့အတွက် ဌာနအဆင့်ဆင့်ကို တင်ပြထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေအနီးမှာ မေလ ၂၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် စမ်းသပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံကမ်းခြေအကြားမှာ လက်နက်ကြီးနဲ့ ပစ်ခတ် စမ်းသပ်နေသလို လေယာဉ်နဲ့ ဗုံးကြဲတာမျိုးတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းသာမြို့ခံတဦးက “ချောင်းသာနဲ့ ရွှေသောင်ယံကြားမှာရှိတဲ့ ပစ်ကွင်းမှာ စမ်းတဲ့ပုံစံ လက်နက်ကြီးကျတဲ့ အသံက ချောင်းသာကရော ရွှေသောင်ယံကပါ ကြားရတယ်။ မြေကြီးတွေပါ တုန်သွားတာ ဘာလက်နက်လဲဆိုတာတော့ အတွင်းပိုင်းက လူတွေပဲသိမယ်” လို့ ပြောပါတယ်။
ချောင်းသာကမ်းခြေအနီးတဝိုက် လေယာဉ်ပျံဝဲသံတွေ ကြားရပြီး ခဏအကြာမှာ ခုလိုမျိုး ပေါက်ကွဲသံ အကျယ်ကြီး ကြားရတာကြောင့် လေယာဉ်ပေါ်ကနေ မြေပြင်ပေါ် ပစ်ချသွားတာလို့ ဒေသခံတချို့ကလည်း ပြောဆိုနေပါတယ်။
ဒေသခံပြည်သူတွေကတော့ ဧည့်သည်မှီခိုပြီး စီးပွားလုပ်ရတဲ့ဒေသ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ လက်နက်စမ်းသပ်တဲ့သတင်းကြောင့် ဧည့်သည်တွေမလာမှာ စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။