ရွှေအထွက်နည်းလာနဲ့ ထုတ်လုပ်မှုစရိတ်တက်လာတဲ့ အကြောင်းရင်းတွေကြောင့် မြန်မာပြည်တွင်းရွှေဈေးတက်နေတယ်လို့ ရွှေဝယ်ရောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ဒီကနေ့ ဇူလိုင် ၁၄ ရက် နေ့လယ် ၁၂ နာရီ ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁,၇၃၃ ရှိပြီး ပြည်တွင်းရွှေဈေး (အကယ်ဒမီ) က တကျပ်သားကို ၂,၀၅၀,၀၀၀ ကျပ် ရှိပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေဈေးနှုန်းအပေါ် ပြည်တွင်းမှာ အရောင်းအဝယ်ဖြစ်နေတဲ့ အမေရိကန် ၁ ဒေါ်လာကို ၂,၁၉၀ ကျပ်နှုန်းနဲ့ အခြေခံပြီး ပြည်တွင်းရွှေဈေး (အကယ်ဒမီ) ကို တွက်ချက်ပါက တကျပ်သားကို ၂,၀၂၄,၀၀၀ စွန်းစွန်းသာ ရှိပါတယ်။ ဒါကြောင့် ပြည်တွင်းရွှေဈေး (အကယ်ဒမီ)က ကမ္ဘာ့ရွှေဈေးထက် ဈေးမြင့်နေတာ တွေ့ရပါတယ်။
ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးထက် ဈေးမြင့်နေရတဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ရွှေလုပ်ငန်းရှင်တယောက်က “ထုတ်လုပ်မှုစရိတ်ဆိုတာက တူးဖော်ရေးမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေအတွက် စက်သုံးဆီက အရင်တုန်းကတော့ ၅ ဂါလန် တပုံးမှ ၁၀,၀၀၀ ကျော်ပဲ ရှိတာလေ။ အခုက ၅၀,၀၀၀ ကျော် ဖြစ်သွားပြီ။ သယ်ယူစရိတ်တွေကလည်း ရှိသေးတယ်။ ပြီးတော့ ဒီရာသီမှာ ပြည်တွင်းရွှေက အထွက်နည်းသွားပြီ။ ရွှေမိုင်းတွေက အရင်လို တူးလို့ မရဘူး။ ဘာလို့လဲဆို တွင်းတွေဘာတွေ ပြိုတာရှိလို့လေ။ နောက်တခုက အဖမ်းအဆီးတွေ များလာတော့ လိုင်းသမားတွေက ဘယ်သူမှ မသွင်းကြတော့ဘူး။ အဲဒီအချက်တွေကြောင့် ပြည်တွင်းရွှေဈေးက မကျဘူးဖြစ်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာဆိုရင်လည်း ပြည်တွင်းရွှေရောင်းဝယ်ရေးဈေးကွက်ထဲမှာ ရွှေအဝင် နည်းပေမဲ့ ဝယ်လိုအားက ရှိနေတာကြောင့် ရွှေဈေးက ကျလာဖို့မရှိပါဘူး။
လုပ်သက်ရင့် ရွှေဝယ်ရောင်းသမားတယောက်ကလည်း “ဒီမှာက ဘာဖြစ်လာလဲဆိုရင် ဝယ်လိုအားက များနေပြီး ရောင်းလိုအားက နည်းနေတယ်။ အဲ့ဒီ့အတွက်ကြောင့် ရွှေဈေးက မကျနိုင်ဘူး။ အဓိကကတော့ အဲ့ဒါပဲ။ ရောင်းလိုအားများရတဲ့ အကြောင်းရင်းက ဘာလဲဆို ပြည်တွင်းမှာ ရွှေအဝင်က နည်းသွားလို့။ အရင်ကတော့ တရုတ်နဲ့ ယိုးဒယားဘက်က ရွှေတွေကို ကုန်သည်တွေက မသိမသာ သွင်းကြတာမျိုးရှိတယ်။ အခုက အဖမ်းအဆီးတွေရှိတော့ မသွင်းကြဘူး။ အန်ကယ့်အတွေ့အကြုံအရပေါ့၊ နှစ်စဉ် ၈ လပိုင်း၊ ၉ လပိုင်းတွေမှာဆိုရင် ပြည်တွင်းရွှေဈေးက အကျမရှိဘူး၊ အတက်ပဲရှိတယ်။ အကြောင်းတခုမဟုတ် တခုနဲ့ တက်နေတာနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာ့ရွှေဈေးက အကျရှိလာပေမဲ့ ပြည်တွင်းရွှေဈေး (အကယ်ဒမီ) က အကျမရှိတာ တွေ့ရပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ပြီးခဲ့တဲ့ရက်သတ္တပတ် ဇူလိုင် ၇ ရက် နေ့လယ် ၁၂ နာရီ ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁,၇၄၅ ရှိခဲ့ပြီး ပြည်တွင်းရွှေဈေး (အကယ်ဒမီ) က ၂,၀၄၇,၀၀၀ ကျပ် ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ဧပြီ ၂၈ ရက် အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေးက တကျပ်သားကို ကျပ် ၂,၀၁၈,၀၀၀ ဖြစ်ပြီး တပတ်အတွင်း ကျပ် ၇၀,၀၀၀ ဝန်းကျင် ဈေးပြန်ကျဆင်းခဲ့ပါတယ်။
ဗဟိုဘဏ် သတ်မှတ်ဒေါ်လာဈေးနဲ့ ရွှေအရောင်းအဝယ်ပြုလုပ်ဖို့ ဧပြီ ၈ ရက်မှာ အသင်းက ဆုံးဖြတ်ခဲ့ပေမဲ့ အကောင်အထည် ဖော်နိုင်ခြင်း မရှိဘဲ ပြည်တွင်းရွှေဈေးက ကျပ် ၂,၀၈၆,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။
အသင်းရဲ့ သတ်မှတ်အဖွင့်ဈေး အကျကြမ်းခဲ့ပေမဲ့ ရန်ကုန်မြို့ ရွှေဆိုင်တွေရဲ့ အဖွင့်ဈေးကတော့ ဈေးအကျနည်းခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်တချို့မှာ ဒီနေ့မနက်ပိုင်းက ကျပ် ၂,၀၃၀,၀၀၀ ကနေ ကျပ် ၂,၀၅၀,၀၀၀ ကြား ဈေးဖွင့် အရောင်းအဝယ် ပြုလုပ်နေကြပြီး တဆိုင်နဲ့တဆိုင် ဈေးကွာခြားမှုတွေ ရှိခဲ့ပါတယ်။
လတ်တလော ကမ္ဘာ့ရွှေဈေးကလည်း ကျဆင်းနေသလို ပြည်တွင်းဈေးကွက်မှာလည်း ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း သတ်မှတ်ပြီးနောက် ရွှေဈေး အတက်အကျများခဲ့ပြီး ဈေးကွက်တည်ငြိမ်မှု မရှိခဲ့သလို ရွှေဆိုင်တွေအနေနဲ့လည်း ဈေးကွက်အဖွင့်ဈေး သတ်မှတ်ဖို့ ခက်ခဲနေကြတာပါ။
ရန်ကုန်ရွှေအသင်းအနေနဲ့ လက်ငင်းစနစ်နဲ့သာ အရောင်းအဝယ် ပြုလုပ်ကြဖို့ ရွှေလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီး ရွှေအရောင်းအဝယ် စာရင်းကိုလည်း တစုံတရာ အငြင်းပွားမှုဖြစ်ပါက ဖြေရှင်းနိုင်ဖို့ ကောက်ယူထားတယ်လို့ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြည်တွင်းမီဒီယာတခုကို ပြောကြားထားပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိအောင်၊ ရွှေဈေးနှုန်း တည်ငြိမ်အောင် ပြည်ပကနေ ရွှေတင်သွင်းဖို့ကိုလည်း စီစဉ်နေတယ်လို့ ဆိုထားပါတယ်။