close

ရွှေ့ပြောင်းမြန်မာအလုပ်သမား

close

February 7, 2023

ရနောင်းမှပြန်ပို့သည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ကွာရန်တင်းမဝင်စေဘဲ နေရပ်ပြန်ပို့

ထိုင်းနိုင်ငံ၊ ရနောင်းကနေ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ကို ရောက်ရှိလာတဲ့ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၆၇၀ ဦးကို စစ်ကောင်စီက ကွာရန်တင်းစင်တာမှာ မထားဘဲ သက်ဆိုင်ရာ ဒေသအသီးသီးကို ဖေဖော်ဝါရီ ၃ ရက်မှာ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေထံက သိရပါတယ်။

အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ အကျဉ်းကျခံရပြီး လွတ်ရက်စေ့ကာ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (IDC) မှာ လပေါင်းများစွာ ရှိနေပြီဖြစ်ပေမဲ့ နေရပ်ပြန်ဖို့ ကြန့်ကြာပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရလို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကစပြီး ၂ ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြသူတွေ ဖြစ်ပါတယ်။

နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမားတဦးက “ကျနော့်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်သင်္ဘောနဲ့ လာခေါ်တယ်။ စစ်ကောင်စီခန့် ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာကနေပြီး ကြိုဆိုတယ်။ ကျန်းမာရေးစစ်ပြီးတော့ ကိုယ့်ဒေသကို ပြန်ပို့ပေးခဲ့တယ်” လို့ ပြောပါတယ်။

အရင်က နေရပ်ပြန် မြန်မာအလုပ်သမားတွေကို လက်ခံပြီးတော့ ကွာရန်တင်းစင်တာမှာ ထားခဲ့ဖူးပေမဲ့ အခုတော့ မထားတော့ဘဲ ရွှေ့ပြောင်းအလုပ်သမားတွေကို သက်ဆိုင်ရာနေရာ အသီးသီးကို ပြန်ပို့လိုက်တယ်လို့ရွှေ့ပြောင်းမြန်မာအလုပ်သမား ကူညီပေးသူတဦးက ပြောပါတယ်။

အလားတူ အရင်က နေရပ်ပြန်အလုပ်သမားတွေကို ကော့သောင်းမြို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကသာ ကြိုဆိုခဲ့ပြီး အခုတခေါက်မှာတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့သလို  စစ်ကောင်စီခန့် ဝန်ကြီးချုပ်ကိုယ်တိုင် တခမ်းတနားနဲ့ ကြိုဆိုခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

11 mins Ago

September 18, 2022

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁ ဦး ဓားထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်၊ စီဆန်ဖန်နယ်မြေမှာ စက်တင်ဘာ ၁၆ ရက်ညက ရွှေ့ပြောင်းမြန်မာအလုပ်သမားတဦး  ဓားထိုးခံရပြီး သေဆုံးသွားခဲ့တယ်လို့ မိသားစုကပြောပါတယ်။

အသတ်ခံရသူဟာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ နဘုလယ်ဒေသ ပရဒတ်ရွာကနေ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေတဲ့ အသက် ၃၂ အရွယ် ကိုဌေးလွင်ဦး(ခ) ကိုဘုလယ် ဖြစ်ပါတယ်။

ကိုဌေးလွင်ဦးက စက်တင်ဘာ ၁၆ ရက်ညက နခွန်ပထုန်ခရိုင်  စီဆန်ဖန်နယ်မြေ ၊ ကြာဇံစက်ရုံးအနီးကျင်းပနေတဲ့ ပွဲခင်းထဲမှာ ထိုင်းလူမျိုးတဦးရဲ့ ခြေထောက်ကို နင်းမိသွားခဲ့တာကို တောင်းပန်ခဲ့ပေမဲ့ မကျေနပ်ဘဲ အိမ်အပြန်လမ်းမှာ အုပ်စုလိုက် ဓားနဲ့ထိုးတာခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

သူ့ညီဖြစ်သူက “ကိုဌေးလွင်ဦးက အနေထိုင်အေးသူတယောက်ပါ။ စကားတောင် ကြမ်းကြမ်း ပြောလေ့ မရှိဘူး။ အပေါင်းအသင်းကိုတော့ တအားခင်တွယ်ပါတယ်။ မိသားစုထက်တောင် ပိုခင်ပါတယ်။ သူထိုင်းရောက်တာဆိုရင် ၁၆ နှစ်လောက်တောင်ရှိတော့မယ်။ အခု သူဆုံးတော့ သူ့ဇနီး ကျန်ခဲ့တယ်“လို့ ပြောပါတယ်။

ဓားနဲ့ထိုးတဲ့သူ တယောက်ကိုတော့ ထိုင်းရဲက ဖမ်းဆီးရမိထားပြီး ကျန်ပါဝင်ပတ်သက်သူတွေကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ကိုဌေးလွင်ဦးရဲ့ဈာပနကိုတော့ စက်တင်ဘာလ ၁၉ ရက်မှာ ဝပ်စံဖစ်ထိုင်းဘုန်းကြီးကျောင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကိုဌေးလွင်ဦးဟာ ထိုင်းနိုင်ငံမှာ  စက်ချုပ်ရုံအလုပ်သမားတဦးအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီး ဘောလုံးဝါသနာရှင်တယောက်ဖြစ်ကာ တော်လှန်ရေးရန်ပုံငွေရှာဖွေရေး ဘောလုံးပွဲတွေမှာ ပါဝင် လေ့ရှိတယ်လို့ ထိုင်းရောက်မြန်မာအသိုင်းဝိုင်းက ပြောပြပါတယ်။ 

ဒီအမှုကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း ဦးဆောင်တဲ့ AAC မဟာမိတ်အဖွဲ့က လိုက်ပါဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ကိုရဲမင်းက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ထိုင်းရောက်မြန်မာများအနေနဲ့ ထိုင်းလူမျိုးတွေနဲ့ ရောထွေးယှက်တင်နေတဲ့အခါ သတိထားရမှာ ဖြစ်ပြီး အုပ်စုဖွဲ့ရမ်းကားမှုတွေရှိတာကြောင့် ပွဲလမ်းသဘင်တွေကို သွားလာရာမှာလည်း ဆင်ခြင် ကြဖို့ AAC အဖွဲ့က သတိပေးထားပါတယ်။

5 months Ago
Up