မေဒေးနေ့က ထိုင်းနိုင်ငံမှာ ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပြန်ရုပ်သိမ်းမယ်လို့ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာနက သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပါအဝင် ခရိုင်တချို့မှာ ရွေ့ပြောင်းအလုပ်သမားတွေက ထိုင်းအလုပ်သမားသမဂ္ဂတွေနဲ့အတူ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး၊ ပြည်သူတွေဆီ ကောက်ခံထားတဲ့ အခွန်ဘဏ္ဍာငွေနဲ့ ပြည်သူတွေ ဘဝပိုမိုကောင်းမွန်ရေးအတွက် စီမံခန့်ခွဲပေးရေး၊ ရွှေ့ပြောင်းလုပ်သားအခြေခံ ၁ ရက် လုပ်ခ ၇၁၅ ဘတ်ရရှိရေးစတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြတာပါ။
ဒါနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမား နိုင်ငံခြားသားတွေကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သိမ်းဆဲကာ နေရပ်ကို ပြန်ပို့မယ်လို့ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖိုင်လိုဆိုတိစထွီယန်က ဆိုပါတယ်။
အခုလို ဆန္ဒပြတာကို နယ်မြေတာဝန်ရှိသူတွေဆီက ခွင့်ပြုချက် မယူဘဲ ပြုလုပ်ခဲ့တာဖြစ်သလို ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကိုပါ ထိပါးပြောဆိုတဲ့အတွက် ထိုင်းနိုင်ငံ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၂၂ ကို ကျူးလွန်ဖောက်ဖျက်ရာရောက်ပြီး နိုင်ငံ့လုံခြုံရေးဆိုင်ရာစည်းမျဉ်းဥပဒေတွေနဲ့လည်း ငြိစွန်း နေတဲ့အတွက် မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ်စတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို အခုလို သတိပေး ထုတ်ပြန်လိုက်တာပါ။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား တဦးက "မေဒေးက ကျနော်တို့ လုပ်ခဲ့တာကို မြန်မာနိုင်ငံ က စစ်ခေါင်းဆောင်ကို ဆန္ဒပြတာနဲ့ ရောထွေးသွားတာဖြစ်မယ်။ တကယ်က ကျနော်တို့က ဒီမှာပဲ ဒီနိုင်ငံမှာ ရထိုက်တဲ့ အခွင့်အရေးကို ဒီနိုင်ငံသားတွေနဲ့အတူတူဆောင်ရွက်ခဲ့တာပါ"လို့ ပြောပါတယ်။
မေဒေးနေ့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ ဘယ်နိုင်ငံသားကိုမဆို တရားမဝင်အလုပ်သမားဆိုပါက ဒဏ်ငွေ ဘတ် ၅၀၀၀ ကနေ ၅၀၀၀၀ အထိ မပိုတဲ့ ပြစ်ဒဏ်ချမှတ် ခံရမှာဖြစ်သလို သက်ဆိုင်ရာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားပြီး ထိုင်းနိုင်ငံပြည်ဝင်ခွင့် ၂ နှစ်ပိတ်ခံရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကြောင့် မြို့တွင်းလုံခြုံရေးတင်မက နယ်စပ်လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားပြီး မဲဆောက်မြို့ တမြို့ထဲတင် မြန်မာနိုင်ငံသား ၁ သိန်းခန့် ရှိနေပြီဖြစ်ပြီး အခုလို ထိုင်းအစိုးရက ထုတ်ပြန်ခဲ့တဲ့အတွက် သတိနဲ့နေထိုင်နေရတယ်လို့ သိရပါတယ်။
Source - Maesotmedia
ဒီကနေ့ မေလ ၁ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့(မေဒေး) ကို ထိုင်းနိုင်ငံတဝန်းမှာ ကျင်းပခဲ့ပြီး ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေလည်း ထိုင်းအလုပ်သမားတွေနဲ့ ပူးပေါင်းဆင်နွှဲသလို မိမိဘာသာ သီးသန့်ကျင်းပတာလည်း ရှိပါတယ်။
မြန်မာနိုင်ငံသားတွေ အမြောက်အမြား ဝင်ရောက်လုပ်ကိုင်နေတဲ့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာဆိုရင် ခရိုင်အလုပ်သမားရုံးနဲ့ စက်ရုံအလုပ်ရုံတို့ပူးပေါင်းပြီး မယ်ပရပ်ကွက် ဧကဖစ်ကုမ္ပဏီရှေ့မှာ အလုပ်သမားနေ့အခမ်းအနား ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို “အလုပ်သမား စည်းလုံးညီညာ ဘေးကင်းစွာ စီးပွားတိုးတက် မူးယစ်ဆေးကင်းစင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပပြီး ပညာပေးပြခန်း၊ အလှမယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲတွေပါ ထည့်သွင်းကာ တာ့ခ်ခရိုင်ဝန်၊ ခရိုင်ကြက်ခြေနီဦးစီးမှူးနဲ့ ခရိုင် အလုပ်သမားရုံးက တာဝန်ရှိသူတွေ လာရောက်ပြီး အလုပ်သမားနေ့ ဂုဏ်ပြုမိန့်ခွန်းတွေ ပြောကြားသွားပါတယ်။
တချိန်တည်းမှာပဲ မြို့တွင်းနဲ့အလှမ်းဝေးတဲ့ အောက်ခြေအလုပ်သမားတန်းလျား၊ စိုက်ပျိုးရေး အလုပ်သမားတန်းလျားမှာလည်း ဆွေးနွေးပွဲကျင်းပကာ အလုပ်သမား လိုလားချက်တွေ ကောက်ခံပြီး ထိုင်းအစိုးရကို စာပေးပို့သွားမယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။
“မြို့ထဲမှာတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ကျင်းပတာပေါ့။ ကျနော်တို့ကတော့ မပြည့်စုံတဲ့ အလုပ်သမားတွေကြား ကွင်းဆင်းပြီး အသိပညာပေးဆွေးနွေးပွဲ လုပ်တယ်၊ အလုပ်သမားနေ့ ဆိုပေမဲ့ ထိုင်းရဲကလည်း အဖမ်းအဆီးကြမ်းတော့ အထောက်အထား မပြည့်စုံသူတွေအတွက် သွားရလာရမလွယ်ကူဘူး၊ ဒါကြောင့် သူတို့ဆီ သွားတယ်။ မဲဆောက်မြို့ တောင်ဘက်မှာ တနေရာ၊ မြောက်ဘက်မှာ တနေရာ သွားလုပ်တယ်။ ပြီးတော့ သူတို့အခက်အခဲနဲ့ ဆန္ဒတွေ ကောက်ခံတယ်၊ ပြီးရင် လူ့အခွင့်အရေးအဖွဲ့ကနေတဆင့် ထိုင်းအစိုးရကို တောင်းဆိုစာပေးပို့ဖို့ပါခင်ဗျ။”
အဆိုပါဆွေးနွေးပွဲကနေ ရွှေ့ပြောင်းအလုပ်သမားလုပ်အားခ ထိုင်းအလုပ်သမားတွေနဲ့ တန်းတူရရေး၊ တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့အညီ လုပ်အားခတိုးပေးရေး၊ လူမှုဖူလှုံရေးခံစားခွင့်၊ အလုပ်ရှင်နဲ့နေရာ အပြောင်းအရွှေ့မှာ လုပ်ငန်းစဉ် လွယ်ကူမြန်ဆန်အောင် ဆောင်ရွက်ပေးဖို့၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုတွေမှာ လျော်ကြေးအမြန်ရရှိရေး၊ အလုပ်သမားမှတ်ပုံတင် အထောက်အထား ကုန်ကျစရိတ် လျှော့ပေါ့ပေးဖို့၊ ထိုင်းရဲတွေရဲ့ ဖမ်းဆီးငွေညှစ်မှုတွေ နှိမ်နင်းပေးဖို့၊ ကိုယ်ဝန်ဆောင်အလုပ်သမတွေကို အလုပ်ထုတ်ပစ်တာတွေ မလုပ်ဖို့၊ ရွှေ့ပြောင်းလုပ်သား ရင်သွေးငယ်တို့ရဲ့ ကျောင်းစရိတ်တွေ လျှော့ချပေးဖို့ စတဲ့အချက်တွေ တောင်းဆိုကြတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းအလယ်ပိုင်း စမွတ်စခွန်းခရိုင် မဟာချိုင်က MWRN ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဦးဆောင်တဲ့ မြန်မာအလုပ်သမားတွေဟာလည်း ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့ရှိ ထိုင်းအလုပ်သမားသမဂ္ဂနဲ့ ပူးပေါင်းကာ မေဒေးနေ့ အခမ်းအနားချီတက်ပြီး အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုခဲ့ပါတယ်။
အဓိကမှာ မြန်မာအလုပ်သမားတွေ အခက်အခဲဖြစ်နေတဲ့ ဗီဇာသက်တမ်းတိုးတဲ့ကိစ္စ မြန်မာပြည် ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံမှာပဲ လုပ်ပေးဖို့၊ အလုပ်သမားတဦးရဲ့ လုပ်အားခဟာ မိသားစုဝင်တွေအတွက်ပါ ဖူလုံဖို့၊ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ရဖို့ တောင်းဆိုခဲ့ကြပါတယ်။
ချင်းမိုင်ခရိုင်က ရွှေ့ပြောင်းအလုပ်သမားတွေလည်း ထိုင်းအလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မေဒေးနေ့ကို ဆင်နွှဲခဲ့ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO က သတ်မှတ်ထားတဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပပဒေတွေအတိုင်း လိုက်နာကျင့်သုံးဖို့၊ အလုပ်သမားလို့ ဆိုရာမှာ လမ်းဘေးဈေးသည်တွေ၊ အစားအသောက်ပို့သမားတွေ၊ ဖျော်ဖြေရေးဆိုင်ရာ အလုပ်သမား၊ ပြည့်တန်ဆာ၊ အိမ်ဖော်၊ ရွှေ့ပြောင်းလုပ်သား စတာတွေကို ခွဲခြားမှုမရှိဘဲ ဥပဒေနဲ့ ပြဋ္ဌာန်းကာကွယ်ပေးဖို့ စတာတွေ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် လူမှုဖူလုံရေးရန်ပုံငွေမှာ အသက် ၆၀ ပြည့်အလုပ်သမားတွေလည်း ဆက်လက်ပါဝင်ခွင့်ရဖို့၊ လူမှုဖူလုံရေးရန်ပုံငွေမှာ အလုပ်သမားတွေအတွက် အရေးပေါ်ရန်ပုံငွေ ထားရှိဖို့၊ လုပ်အားခကို ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ လိုက်လျောညီထွေ တိုးမြှင့်ပေးဖို့ စတဲ့အချက်တွေလည်း ပါပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အလုပ်ရှင်မလိုဘဲ မိမိဘာသာ အလုပ်သမားမှတ်ပုံတင် လျှောက်ထားခွင့်ပေးဖို့၊ အလုပ်သမားကတ်၊ နေထိုင်ခွင့်ကတ်တွေ ဆောင်ရွက်ရာမှာ ဟိုရုံး ဒီရုံး ပြေးစရာမလိုဘဲ တနေရာတည်းအပြီး OSSC (One Stop Service Center) ပုံစံနဲ့ ပြန်လည်ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒီ ၂၀၂၃ မေဒေးနေ့ တောင်းဆိုချက်မှာ စုစုပေါင်း ၁၇ ချက်ရှိပြီး လမ်းလျှောက်ချီတက်ကာ ခရိုင်ဝန်ရုံးကို လမ်းလျှောက်ချီတက်ကာ တာဝန်ရှိသူတွေထံ ပေးပို့ခဲ့ပါတယ်။
ဒီညနေပိုင်းမှာလည်း ချင်းမိုင်ညဈေးအနီး ချန့်ခလန်လမ်းပေါ်ရှိ ဆိုင်တဝမ်းမီးပွိုင့်မှာ နိုင်ငံတကာအလုပ်သမားနေ့ ဟောပြောပွဲ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြဇာတ်သရုပ်ဖော်ပွဲတွေ တင်ဆက်သွားမယ်လို့ အခမ်းအနားဖြစ်မြောက်ရေးမှာ ပါဝင်သူ မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ဝင်က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားကလည်း “အလုပ်သမားဆိုတာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့သူတွေ ဖြစ်တယ်၊ တနှစ်ပတ်လုံး ကိုယ်စွမ်းအား ဉာဏ်စွမ်းအားရှိသလောက် ကြိုးစားပမ်းစားလုပ်ကိုင်လာခဲ့တဲ့ စက်ရုံ အလုပ်ရုံ လုပ်သား၊ စိုက်ပျိုးရေးအလုပ်သမား အပါအဝင် အလုပ်သမားအားလုံးကို ကျေးဇူးတင်တယ်၊ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလတွေမှာ ထိုင်းနိုင်ငံအနေနဲ့ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်” လို့ မေဒေးနေ့ နှုတ်ခွန်းဆက်စကားမှာ ပြောကြားသွားပါတယ်။