close

ရှင်ဇိုအာဘေး၏ ဈာပန

close

September 27, 2022

လုပ်ကြံခံရသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဈာပန ယနေ့ကျင်းပ

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်ဈာပနကို ဂျပန်နိုင်ငံမှာ စက်တင်ဘာ ၂၇ ရက်မှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ အစိုးရတာဝန်ရှိသူနဲ့ အာဏာရပါတီ ထိပ်တန်းသတင်းရင်းမြစ်က ပြောပါတယ်။

၁၉၆၄ တိုကျိုအိုလံပစ်အားကစားပွဲအတွက် နဂိုက တည်ဆောက်ထားတဲ့ နစ်ပွန်ဘူဒိုကန် အားကစားကွင်းထဲမှာ နိုင်ငံတော်ဈာပနကို ကျင်းပဖို့ ပြင်ဆင်ထားတာပါ။

ဒီနေရာဟာ အားကစားပွဲတွေနဲ့ ဖျော်ဖြေပွဲတွေအတွက် ရေပန်းစားပြီး နှစ်စဥ်နှစ်တိုင်း သြဂုတ်လ ၁၅ ရက်တွင် ကျင်းပတဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေအတွက် အောက်မေ့ဖွယ်နေရာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက် မဲဆွယ်ပွဲမှာ အသက် ၆၇ နှစ်အရွယ်  ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ သေနတ်သမားတယောက်ရဲ့  ပစ်ခတ်လုပ်ကြံခံခဲ့ရတာပါ။

ရှင်ဇိုအားဘေးကို ဂျပန်နိုင်ငံရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းအရှည်ဆုံး ၀န်ကြီးချုပ်အဖြစ် အသိအမှတ်ပြုတဲ့အနေနဲ့ ဂျပန်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံတွေအတွက် ပံ့ပိုးကူညီမယ်လို့ လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဖှုမိအို ခိရှိဒက မကြာသေးခင်က ပြောပါတယ်။

အစိုးရက ကုန်ကျစရိတ် အပြည့်ပေးဆောင်တဲ့ ဝန်ကြီးချုပ်ဟောင်း တစ်ဦးအတွက် နောက်ဆုံး ဈာပနအခမ်းအနားကို ဝန်ကြီးချုပ်ဟောင်း ရှိဂဲရုယိုရှိဒါအတွက် ၁၉၆၇ ခုနှစ်က ကျင်းပခဲ့ဖူးပါတယ်။

အာဘေးဟာ ဝန်ကြီးချုပ်အဖြစ် သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ ၂၀၂၀ ခုနှစ်မှာ ရာထူးကနေ နုတ်ထွက်ခဲ့သူဖြစ်ပေမဲံ လက်ရှိ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) အပေါ် လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။

41 mins Ago

ရှင်ဇိုအာဘေး၏ ဈာပနတက်ရောက်ရန် စစ်ကောင်စီခန့်သံအမတ်ကို ဖိတ်ကြားသည့်အပေါ် ကန့်ကွက်ဆန္ဒပြ

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားမှာ အကြမ်းဖက်စစ်ကောင်စီခန့် တိုကျိုသံအမတ်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာနဲ့ ပတ်သက်ပြီး လက်မခံနိုင်ကြောင်း ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးရုံးရှေ့မှာ စက်တင်ဘာ ၂၆ ရက် ဆန္ဒပြကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာခင်ဇေယျာမြင့်က “ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့ စျာပနကို ဂျပန်အစိုးရက ဖိတ်ကြားထားတဲ့ စကစရဲ့ တိုကျိုသံအမတ်က အကြမ်းဖက်စကစအဖွဲ့ကိုပဲကိုယ်စားပြုတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုသူမဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ဖိတ်ကြားတယ်လို့ ဂျပန်အစိုးရအနေနဲ့ မသုံးသင့်ဘူးဒါကြောင့် ကျမတို့ လာရောက်ဆန္ဒပြတောင်းဆိုရတာပါ”လို့ ပြောပါတယ်။

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒက မပြောင်းလဲတဲ့အကြောင်း၊ ၁၉၈၈ နောက်ပိုင်း နဝတ၊ နအဖ ခေတ်လိုပဲ စစ်တပ်ဘက်ကို အလေးသာတဲ့ နှစ်ဖက်ခွမီးစတဖက် ရေမှုတ်တဖက်မူဝါဒပဲဖြစ်ကြောင်းနဲ့ နောင်တချိန် ဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်စွာ ဆက်ဆံရေး မျှော်မှန်းမရနိုင်ပါဘူးလို့လည်း ဒေါက်တာခင်ဇေယျာမြင့်က ပြောပါတယ်။

ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒသဘောထားတွေကို ရေးသားထားတဲ့ အိပ်ဖွင့်ပေးစာကိုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတဆင့် ဂျပန်အစိုးရထံ ပေးအပ်ခဲ့ပါသေးတယ်။

ဒီမိုကရေစီထွန်းကားတဲ့ ဂျပန်လိုနိုင်ငံက ပြည်သူကိုပြန်သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေကို နိုင်ငံတကာနဲ့တန်းတူဖိတ်ကြားတာဟာ စကားလုံးနဲ့ ဖော်ပြလို့မရနိုင်အောင် အရမ်းကိုအံအားသင့် တုန်လှုပ်မိနေကြကြောင်း ဂျပန်နိုင်ငံခြားရေးရုံးတာဝန်ခံကို ရှင်းပြပြောဆိုရင်း အိပ်ဖွင့်စာပေးအပ်ခဲ့တယ်လို့ စာပေးအပ်တဲ့အဖွဲ့ဝင် ဦးမြင့်ဆွေက ပြောပါတယ်။

စက်တင်ဘာ၂၇ ရက်နေ့ ကျင်းပမယ့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော် ဈာပန မှာအခုလို အကြမ်းဖက်စစ်ကောင်စီရဲ့သံအမတ်ကို ဖိတ်ကြားတာက စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်နိုင်တာမို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေသာမက ဂျပန်လွှတ်တော်အမတ်တွေနဲ့ ဂျပန်လူ့အခွင့်အရေးလှုပ်ရှားနေသူတွေကပါ စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ အင်္ဂလန် ဘုရင်မကြီး အဲလိဇဘက်ရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားမှာတော့ စစ်ကောင်စီခန့် မြန်မာကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်မပြုခဲ့ပါဘူး။

10 hours Ago
Up