ရှမ်းပြည်နယ်တောင်ပိုင်း ၁၀၀၈ တပ်ရင်းမှ ရဲဘော်အောင်ဇော်ထွန်း (ခ)နောင်ခမ်းဟာ မေ ၂၉ ရက်က မိုင်းမတော်တဆကြောင့် ရှေ့တန်းတနေရာမှာ သေဆုံးခဲ့တယ်လို့ ၁၀၀၈ တပ်ရင်းက ထုတ်ပြန်ပါတယ်။
သေဆုံးသွားတဲ့ ရဲဘော်မှာ ကလောမြို့ ရပ်ကွက် ၁ က ဖြစ်ပြီး အဆက်သွယ်ပြတ်နေတဲ့ သူ့ရဲ့ ၇ လ သမီးနဲ့ မိသားစုဝင်တွေကို လွန်ခဲ့တဲ့ ၂ လက စစ်တပ်က ဖမ်းဆီးသွားတာပါ။
၁၀၀၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက “ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေအကြောင်း အသေးစိတ်တော့ မသိရပါဘူး။ သူနဲ့ မိသားစုတွေက အဆက်အသွယ်လည်း မရှိတော့ ဘယ်မှာ ဖမ်းထားတယ်ဆိုတာ မသိရဘူး”လို့ ပြောပါတယ်။
ရှမ်း-ကယားနယ်စပ်မှာ စစ်ကောင်စီနဲ့ ၁၀၀၈ တပ်ရင်းအပါအဝင် KNDF ၊ URF တို့တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲရက်ရှည်လာတာနဲ့အမျှ လက်နက်ခဲယမ်း လိုအပ်ချက်တွေ ရှိနေတာကြောင့် ငွေကြေး အခက်အခဲနဲ့ ဝယ်ယူဖို့ အခက်အခဲကြောင့် 60 MM အပါအဝင် မိုင်းတချို့ကို ကိုယ်တိုင်စမ်းသပ် ထုတ်လုပ်နေကြရတာပါ။
လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ညီနောင်မဟာမိတ် KNDF ကိုအကူအညီတောင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံကလည်း ထောက်ပံ့မှု အနည်းငယ် ရရှိတယ်လို့ ဆိုပါတယ်။
ရှမ်း-ကယားနယ်စပ် ဖယ်ခုံအရှေ့ဘက် လွယ်ပေါကျေးရွာကို မေ ၂၉ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လွယ်ပေါကျေးရွာအရှေ့ တောင်ပေါ် စေတီကုန်းနဲ့ လက်ဝါးကပ်တိုင် အနီးတဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ ၅၅ ကို KNDF၊ URF နဲ့ ၁၀၀၈ တပ်ရင်းတို့ ပူးပေါင်းပြီး မေ ၂၈ ရက်က တိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဒေသ ၃ ၊ ၁၀၀၈ တပ်ရင်းမှ စခန်းမှူး CDM ရဲဘော် ချစ်ကောင်းဟာ မေလ ၁၅ ရက်က ညောင်ရွှေမြို့နယ် ထီရိ ၊ ဆောင်နန်းခဲဘက်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရင်း ကျဆုံးသွားတယ်လို့ သူ့ရဲ့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
“သတင်းကောင်းတွေရှိပေမယ့် သတင်းဆိုးကို အရင်ထုတ်ပြန်ပါရစေ။ ကျနော်တို့ရဲ့ ၁၀၀၈ တပ်ရင်း စခန်းမှူး ရဲဘော်ချစ်ကောင်း CDM ဟာ စစ်ကောင်စီကို ခုခံရင်းကျဆုံးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းစွာဖြင့်ထုတ်ပြန်လိုက်ရပါတယ်။ ကျဆုံးသွားသော ရဲဘော်ချစ်ကောင်းအား မိမိတို့ (၁၀၀၈) တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုအပ်ပါတယ်” လို့ ၁၀၀၈ တပ်ရင်းက ထုတ်ပြန်ချက်မှာ ချက်မှာဖော်ပြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစု ၅ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းထားတဲ့ ရှမ်းတောင် တော်လှန်ရေးလူငယ်များအဖွဲ့(SSRY) တပ်ရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ ၃ ၊ ၁၀၀၈ တပ်ရင်းအဖြစ် တရားဝင် တာဝန်ထမ်း ဆောင်ခွင့်ရပြီဖြစ်တယ်လို့ ၁၀၀၈ တပ်ရင်းက မေလ ၁၄ ရက် ညပိုင်းမှာ ကြေညာထားတာပါ။
ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ SSRY တပ်ရင်းကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ SSRY Eagle Force ၊ Dragon Force၊ Tai PDF Cobra Force ၊ Dove Guerrilla Force ၊ Southern Shan Irine Force အဖွဲ့တို့နဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က စုစည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။