close

ရှမ်းနီတပ်မတော်

close

July 7, 2022

ဗန်းမောက်မြို့တွင် ရှမ်းနီတပ်မတော် (SNA) က ဆက်ကြေး ကောက်နေ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ၊ ရွှေလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထံ ကနေ ရှမ်းနီတပ်မတော် (SNA) က အဓမ္မ ဆက်ကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆက်ကြေးအဖြစ် ကျပ်သိန်း ၁၀၀ ၊ ကျပ်သိန်း ၅၀ ၊ ကျပ်သိန်း ၃၀ ၊ ကျပ် ၁၀ သိန်း၊ ကျပ် ၇ သိန်းအထိ အမျိုးအစားအလိုက် ဖုန်းနဲ့ လည်းကောင်း၊ စာနဲ့ လည်းကောင်း တဆင့်ခံ ကိုယ်စားလှယ်နဲ့ လည်းကောင်း ကောက်ခံနေတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့မှာ နေထိုင်သူ တဦးက “စုံစမ်းသိရသလောက် အခြေအနေအရ တချို့က ဆက်ကြေးငွေကို သွင်းပြီးနေပြီလို့ သိရသလို တချို့ကရက်ချိန်းနဲ့ သွင်းခိုင်းတာလည်း ရှိပါတယ်။ အခုသတ်မှတ်ရက် ဇူလိုင်လ ၁၀ ရက်နေ့ကို ပေးသွင်းရမယ်လို့လည်း သိရတယ်။” လို့ ပြောပါတယ်။

ဒေသခံတွေကတော့ လက်နက်ကို ကြောက်တဲ့အတွက် ဆက်ကြေးငွေ ပေးကြရတယ်လို့ သိရပါတယ်။

“မြို့နေလူထုအနေနဲ့ အခုအခြေအနေမှာ အစစအရာရာ လုပ်ငန်းအဆင်မပြေမှုတွေနဲ့ စိတ်သောကရောက်နေကြရတယ်။ တချို့ဆိုစားသောက်ဖို့တောင်အနိုင်နိုင်။ အခုလိုအကြောင်းမဲ့သက်သက် အဓမ္မဆက်ကြေးကောက်ခံတာဟာ လက်နက်အားကိုး မိုက်ရိုင်းလွန်းတာဖြစ်တယ်။” လို့ ဗန်းမောက် ဒေသခံတဦးက ပြောပါပါတယ်။ 

ပြည်သူတွေထံကနေ ငွေကြေးကောက်ခံတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရှမ်းနီတပ်မတော် (SNA) ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

4 mins Ago

August 9, 2021

စစ်ကောင်စီ ယာဉ်တန်းကို ရှမ်းနီတပ်မတော်က မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာမှာ ဩဂုတ် ၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို ရှမ်းနီတပ်မတော် (SNA) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

SNA ဗိုလ်မှူးကြီး စိုင်းဆေထွန်းက “နေ့လယ် ၁ နာရီခွဲကပါ။ စစ်ကောင်စီတပ်ရဲ့ ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ဗျူဟာမှူးကိုယ်တိုင်ဦးစီးကာ နန့်တောအနီးမှာ အခြေချနေတာဖြစ်ပြီး  ဩဂုတ် ၈ ရက်နေ့ နေ့လယ်ပိုင်း စစ်ကားသုံးစီးနဲ့  ထွက်လာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၆ ရက်နေ့ကလည်း ဟဲဖက်အုပ်စု ကွေ့ပေကျေးရွာအနီးမှာ SNA ရှမ်းနီတပ်နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

11 months Ago
Up