close

ရှမ်းနီအမျိုးသားတပ်မတော်

close

April 23, 2022

ရှမ်းနီအမျိုးသားတပ်မတော်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျောက်စေတီကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားတပ်မတော် (SNA)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းကစပြီး တနေကုန် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနက်ကတည်းက ဖြစ်တာ ခုထိနေ့လယ် ၃ နာရီထိ တိုက်နေကြတုန်း။ ဖြတ်သန်းသွားလာတဲ့ ခရီးသွားတွေကို SNA က စေတီဆိပ်ကျေးရွာကနေ တားဆီးပြီး ပြန်ခိုင်းတယ်” လို့ ခရီးသွားပြည်သူ တဦးက ပြောပါတယ်။

တိုက်ပွဲပြင်းထန်တာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိနိုင်ပြီး ကျဆုံးစာရင်းကိုတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေသခံတဦးက “တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်၊ မနက်က စဖြစ်တာ အထက်ဘက်ကို အလုပ် လုပ်ဖို့ သွားမလို့ တိုက်ပွဲဖြစ်နေလို့ ဆက်မသွားဘဲပြန်ခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

PDF နဲ့ SNA တိုက်ပွဲ ဖြစ်သယောင် အရပ်သတင်းအဖြစ် ပြောဆိုတာတွေရှိပြီး ရှမ်းနီအမျိုးသားတပ်မတော် (SNA) အား ဒေသတွင်း နေထိုင်သူတွေ အထင်အမြင်လွဲမှားစေမယ့် ပြောဆိုတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကလည်း ခန္တီးမြို့နယ် မိုင်း‌နောင်ရွာအနီးမှာရှိတဲ့ SNA စခန်းငယ်တခုကို စစ်ကောင်စီတပ်က ဝင်တိုက်ရာ SNA ဘက်က အရာရှိ ၁ ဦးနဲ့ ခေါင်းဆောင်တဦးရဲ့သား ကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ဆိုပါတယ်။

2 mins Ago

March 3, 2020

ကနန်းဒေသတွင် တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့တို့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသမှာ ‌မတ်လ ၂ ရက်နေ့က မြန်မာတပ်မတော်နဲ့  ရှမ်းနီအမျိုးသားတပ်မတော် (SNA) တို့အကြား ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားပါတယ်။ ဒေသခံတချို့ရဲ့ ပြောပြချက်အရ နန်းဇားကျေးရွာနဲ့ ပေတာကျေးရွာအကြားမှာ မနေ့မွန်းလွဲပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်းကိုတော့ အတည်ပြုထားပြီး ရှမ်းနီအမျိုးသား တပ်မတော် (SNA) ရဲ့ တပ်ဖွဲ့ဝင်တဦးကို သေနတ်ဒဏ်ရာနဲ့ လက်ရဖမ်းဆီးရမိ ထားတယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ဖေဖော်ဝါရီလအတွင်း ဗန်းမောက်မြို့နယ်၊ မံအင်မင်းကုန်းအုပ်စု၊ မတ္တရာရွှေမှော်မှာ ရွှေတူးနေတဲ့ ကုမ္ပဏီကို ဆက်ကြေးတောင်းတာ မရလို့ ဘက်ဟိုး နှစ်စီးကို မီးရှို့ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါကို တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ ထိတွေ့တာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပြီး တိုက်ပွဲကြာချိန်၊ နှစ်ဘက် တပ်ဖွဲ့ဝင်တွေရဲ့ အင်အားနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအတွေတော့  အသေးစိပ် မသိရသေးပါဘူး။  အမည်မဖော်လိုတဲ့ ကနန်းဒေသခံ တဦးက "လောလောဆယ်တော့ ဒေသခံတွေက ကြောက်နေတာပေါ့။ ကိုယ့်မှာလည်း လက်နက် မရှိဘူးလေ။ တောအိပ်နေတဲ့သူတွေတောင် မအိပ်ရဲတော့ဘူး။ အေးအေးချမ်းချမ်းပဲနေချင်တယ်။ အထိတ်တလန့်နဲ့ မနေချင်ဘူး"လို့ ပြောပါတယ်။ ထိတွေ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး သန်းနိုင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အစည်းဝေးလုပ်နေလို့ နောက်မှ ပြန်ဆက်ပေးမယ်လို့ပဲ ပြောကြားခဲ့ပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်ကို မေးမြန်းရာမှာလည်း တပ်ပိုင်းဆိုင်ရာဖြစ်လို့ သူ့အနေနဲ့ ဖြေကြားခွင့် မရှိလို့ တပ်ကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြောပါတယ်။  ကနန်းဒေသမှာ ရှမ်းနီအမျိုးသားတပ်မတော် (SNA)က ၂၀၁၉ ခုနှစ်ကစတင်ကာ ဆက်ကြေးကောက်ခံတာ၊ လူသစ်စုဆောင်းတာတွေကြောင့် ပြည်သူတွေကြားမှာ သိသိသာသာ သတိထားမိလာတာလည်း ဖြစ်ပါတယ်။
2 years Ago
Up