close

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)

close

September 26, 2022

“ဝ” ၊ မိုင်းလားနှင့်ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့ ကိုယ်စားလှယ်များ နေပြည်တော်ရောက်

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်  (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေဟာ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့  နေပြည်တော်မှာ ရောက်ရှိနေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်ချက်အရ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်  (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့တွေ စက်တင်ဘာ ၂၆ ရက်ကတည်းက နေပြည်တော်မှာ ရောက်နေကြတာလို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ပထမအကြိမ်အဖြစ် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကိုယ်စားလှယ်အဖွဲ့က မေ ၃၀ ရက်၊  NDAA (မိုင်းလား) အဖွဲ့က  ဇွန် ၄ ရက်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဩဂုတ် ၄ ရက်တွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ အသီးသီးတွေ့ဆုံခဲ့ကြပြီး သိသာထင်ရှားတဲ့ ရလဒ် တခုမှ မရခဲ့ပါဘူး။

အခု ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်ထားကြောင်း စစ်ကောင်စီက ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့ အဖွဲ့အများစုဟာ  ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိခဲ့ဘဲ အခုလက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIA ၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ နေပြည်တော်ကို သွားရောက်ခြင်းမရှိပါဘူး။

Photo- DSINFO

23 seconds Ago
Up