ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးနဲ့ ခိုလမ်မြို့နယ်ထဲမှာ မေလ ၈ ရက် မနေ့ညနေပိုင်းက မိုးသက်လေပြင်းကျပြီး ပရဟိတကျောင်းတိုက်နဲ့ ဘုန်းကြီးကျောင်းခေါင်မိုးတွေ လန်ထွက် ပျက်စီးကုန်ပါတယ်။
လင်းခေးမြို့နယ်ထဲမှာ မနေ့ညနေ ၄ နာရီနဲ့ ၅ နာရီကြား လေပြင်းတိုက်ခတ်တဲ့အတွက် ဝမ်ဟတ်တိုက်နယ် မကျိုင်းမွန်းကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းက ကိုရင်လေးတွေအဆောင်၊ ကုဋီနဲ့ ရေချိုးခန်းခေါင်မိုးတွေ အချပ်လိုက်ကော၊ တပြင်လုံးပါ လွင့်ထွက်ပျက်စီးကုန်တယ်လို့ ဘုန်းကြီး ၁ ပါးက ဒီဗွီဘီကို မိန့်ပါတယ်။
“မနေ့က ညနေ ၄ နာရီကျော်နဲ့ ၅ နာရီကြားမှာ တိုက်သွားတာပါ။ မိုးရေနည်းနည်းပါတယ်၊ မိုးသီးတော့မရှိဘူး၊ အဓိကက လေပြင်းတိုက်တာပါပဲ။ ကိုရင်လေးတွေနေတဲ့ ကျောင်းဆောင်ရယ်၊ ဇရပ်ရယ်၊ သိမ်ရယ်၊ ကုဋီရယ် ခေါင်မိုးတွေ လွင့်ထွက်ကုန်တယ်။ ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်း ၁၇၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်။”
အဆိုပါ ပရဟိတကျောင်းတိုက်မှာ သံယာအပါးပေါင်း ၁၂၀ ရှိပြီး ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း မြေငလျင်ဒဏ် ခံရတဲ့အတွက် ပင်မကျောင်းဆောင် ပျက်စီးခဲ့တာကို ပြင်ဆင်လို့မှ မပြီးသေးခင် အခုလို လေပြင်းဒဏ် ထပ်ပြီးခံရတာလို့ ဆိုပါတယ်။
မနေ့ညနေပိုင်းမှာပဲ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့မှာလည်း မိုးသက်လေပြင်းတိုက်ခတ်ပြီး ရပ်ကွက် ၂ ထဲက သီရိမင်္ဂလာကျောင်းတိုက် ဆွမ်းစားဆောင် ခေါင်မိုးတွေ လန်ထွက်ကုန်တယ်လို့ အဆိုပါကျောင်းတိုက်ရှိ ဦးပဥ္စင်း၁ ပါးက မိန့်ပါတယ်။
“လေက တော်တော်ပြင်းတယ်၊ မိုးရေနဲ့ မိုးသီးနည်းနည်းပဲကျတယ်။ ဦးပဥ္စင်းတို့ ဆွမ်းစားကျောင်းဆောင် ခေါင်မိုးရော တုတ်တန်းတွေရော အကုန်ပျက်စီးတယ်။ ခေါင်မိုးက သွပ်ပြား အချပ် ၃၀ ကျော် လွင့်သွားတယ်။ တချို့က ကျောင်းတိုက်ကြီးရဲ့ စောင်းတန်းကို သွားထိပြီး စောင်းတန်းပျက်စီးတာရှိတယ်။ မနေ့က ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၈၀ လောက် ရှိမယ်လို့ ခန့်မှန်းတယ်။”
ဒါ့အပြင် ခိုလမ်မြို့ရှိ ခရစ်ယာန်ကျောင်းလည်း လေပြင်းဒဏ်ခံရပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရဘူးလို့ ဆိုပါတယ်။
လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်ထဲမှာ မေလ ၇ ရက် နေ့လယ် ၂ နာရီလောက်ကလည်း လေပြင်းတိုက်ပြီး အမှတ် ၄ ရပ်ကွက် အထက(ခွဲ) စာသင်ကျောင်းနဲ့ နေအိမ် ၂ လုံး၊ နားလွယ်ရွာက နေအိမ် ၂ လုံး ပျက်စီးခဲ့သလို ထင်းရှူးမြိုင်ရွာက ဂေါ်ရခါးဘုရားကျောင်း အုတ်တံတိုင်းလည်း ပြိုကျပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲအကြိမ်ရေ ၅၀ ထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၇၀ သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်မျက်နှာအသီးသီးမှာ ထိခိုက်ကျဆုံးမှု များပြားနေတာကြောင့် ဧပြီလအတွင်း လေကြောင်းကနေ ၁၀၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြလို့ အရပ်သား ၁ ယောက် သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်တွေရဲ့ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း ပင်လောင်း-ဖယ်ခုံ နယ်စပ် မြောက်စလုံးတိုက်ပွဲအတွင်း KNDF/B02 က ရဲဘော် ၁ ယောက်နဲ့ KNDF/B11 က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် တနီးလားလဲကျေးရွာအနီး တောင်ပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း KNDF/B06 က ရဲဘော် ၁ ယောက်လည်း ရဲရင့်စွာ ကျဆုံးခဲ့ရကာ အဆိုပါတိုက်ပွဲတွေအတွင်း ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားတဲ့ ရဲဘော် ၃ ယောက်ကို KNDF က ကရင်နီအမျိုးသား အာဇာနည်အဖြစ် မှတ်တမ်းတင် အလေးပြုကြောင်းလည်း ဖော်ပြထားပါတယ်။
ဧပြီလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၇ လက်၊ လက်နက်ငယ် ၅၂ လက်နဲ့ ခဲယမ်းတွေကို ကရင်နီပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူနေအိမ်ပေါင်း ၂၀ ကျော် ပျက်စီးခဲ့ရပြီး ပြည်သူ့ဆေးရုံနဲ့ ကိုယ်ထူကိုယ်ထဆေးရုံ ၂ ရုံ၊ ကျေးရွာဆေးပေးခန်း ၂ ခန်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် လက်နက်ကြီးကျရောက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့တယ်လို့ KNDF က ပြောပါတယ်။ တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ စစ်သုံ့ပန်း ၃ ဦး ဖမ်းရမိခဲ့ပါတယ်။
ကရင်နီပြည်နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်၊ ရှားတောမြို့နယ်၊ ဘောလခဲ-ဒီးမော့ဆိုမြို့ နယ်စပ်တို့အပြင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်တို့မှာလည်း စစ်ကြောင်းတွေထိုးနေပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ နေ့စဥ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်၊ မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့နယ် စစ်မျက်နှာတို့မှာ စစ်ကောင်စီတပ်တွေက တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေ အသုံးပြုကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပေမဲ့ သူတို့ဘက်ကသာ အထိနာနေတယ်လို့လည်း KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။