close

ရှမ်းလူမျိုး

close

February 11, 2023

မဟာဒေဝီ စဝ်သုစန္ဒီအတွက် ရည်စူးပြီး ချင်းမိုင်ရောက် ရှမ်းလူမျိုးများ အောက်မေ့ ဂါရဝပြုပွဲလုပ်

ဖေဖော်ဝါရီ ၆ ရက်က အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားခဲ့တဲ့ မဟာဒေဝီ စဝ်သုစန္ဒီအတွက် ရည်စူးပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်ရောက် ရှမ်းလူမျိုးများက ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ချင်းမိုင်မြို့၊ ဆီဖုမ်းရပ်ကွက်ရှိ ဝပ်ပါပေါက်ဘုန်းကြီးကျောင်းမှာ အောက်မေ့ဖွယ် ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို ရှမ်းစော်ဘွားမျိုးနွယ်ဝင်တွေ၊ မဟာဒေဝီ စဝ်သုစန္ဒီကို ချစ်ခင်မြတ်နိုးကြသူတွေနဲ့ ချင်းမိုင်ရောက် ရှမ်းအသိုက်အဝန်း၊ ရှမ်းလူငယ်အဖွဲ့အစည်းက လူငယ်တွေ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။

သီပေါမြို့ စော်ဘွားကြီး စဝ်ကြာဆိုင်ရဲ့ မဟာဒေဝီ စဝ်သုစန္ဒီ ခေါ် Inge Sargent ဟာ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ဘိုလ်တာမြို့ နေအိမ်မှာ ဖေဖော်ဝါရီ ၆ ရက်က လူကြီးရောဂါနဲ့  ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ သူဟာ သက်တော် ၉၁ နှစ် ရှိပါပြီ။

ဩစတြီးယားနိုင်ငံသူ မဟာဒေဝီ စဝ်သုစန္ဒီဟာ သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ ၁၉၅၃ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ပြီး၊ သူ ကွယ်လွန်ချိန်မှာတော့ စဝ်ကိန္နရီနဲ့ စဝ်မာယာရီဆိုတဲ့ သမီးတော်နှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ကွယ်လွန်သူ မဟာဒေဝီအတွက် ရည်စူးပြီး ပြည်တွင်းပြည်ပ ရှမ်းအသိုက်အဝန်းနဲ့ ကျန်ရစ်ခဲ့တဲ့ ဆွေတော်မျိုးတော်တွေက အောက်မေ့ဖွယ် ဈာပနအလှူ အခမ်းအနားတွေ ပြုလုပ်ခဲ့ကြတာပါ။

မဟာဒေဝီဟာ သီပေါမှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အကြောင်း၊ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှု၊ ရက်စက်မှုအကြောင်းတွေ ရေးသားထားတဲ့ "Twilight over Burma: My Life as a Shan Princess" စာအုပ်ကို ၁၉၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေပြီး စာအုပ် ရောင်းရငွေတွေ အားလုံးကို မြန်မာနယ်စပ် စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းခဲ့ပါတယ်။

မဟာဒေဝီဟာ ပြည်ပကို ရောက်ပေမယ့် မြန်မာပြည်ကို မမေ့ဘဲ Burma Lifeline ဆိုတဲ့ လူမှုရေးအဖွဲ့တည်ထောင်ပြီး မြန်မာပြည်သူတွေကို တဖက်တလမ်းက ထောက်ပံ့ ကူညီခဲ့ပါတယ်။ သူဟာ မြန်မာ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တက်ကြွစွာ ပံ့ပိုး ကူညီဆောင်ရွက်ခဲ့လို့ ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆု  ရရှိခဲ့ပါတယ်။

50 mins Ago

February 25, 2020

ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး RCSS ဆောင်ရွက်သွားမည် 

၂ နှစ်ကျော် ရပ်နားထားခဲ့ရတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးကျင်းပသွားနိုင်ဖို့  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA က ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။  RCSS  ရဲ့ ၂၀ ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကို ဌာနချုပ်လွိုင်တိုင်းလျန်းမှာ ဖေဖော်ဝါရီ ၂၁ ကနေ ၂၄ ရက်အထိ ကျင်းပပြီး အစည်းအဝေးဆုံးဖြတ်ချက်တွေ ထုတ်ပြန် ကြေညာလိုက်တာပါ။  ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုထ္ထအစည်းအဝေးကို  သတ်မှတ်ထားတဲ့ အချိန်ကာလထဲမှာ ကျင်းပနိုင်ဖို့နဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။  ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလတုန်းက ရှမ်းပြည်နယ်မြို့တော် တောင်ကြီး ဒါမှမဟုတ် ပင်လုံမြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ကြပေမယ့်လည်း မြန်မာ့တပ်မတော်ဘက်က  သဘောမတူတဲ့အတွက် မလုပ်ဖြစ်ခဲ့ပါဘူး။  အဆိုပါဆွေးနွေးပွဲကို ဦးဆောင်မယ့်အဖွဲ့အစည်းဟာ RCSS/SSA ဖြစ်တဲ့အတွက် တောင်ကြီးမှာလုပ်ဖို့ သဘောမတူဘဲ RCSS/SSA နယ်မြေ သံလွင်မြစ်အရှေ့ဘက်ကမ်း မိုင်းပန်မြို့မှာ ကျင်းပဖို့ မြန်မာ့တပ်မတော်ဘက်က ပြောခဲ့ပါတယ်။  အဆိုပါဒေသဟာ ဝေးလံပြီး သွားရေးလာရေးနဲ့ အစည်းအဝေးကျင်းပဖို့ နေရာအခက်အခဲ တွေရှိလို့ အဆင်မပြေကြောင်း ရှမ်းအဖွဲ့အစည်းဘက်က တုံ့ပြန်ခဲ့ပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လင်းခေးမြို့မှာလုပ်ဖို့ ဝင်ရောက်ညှိနှိုင်းပေးခဲ့ပါတယ်။  ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပဖို့  ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို ၁၄ မြို့နယ်မှာ ပြုလုပ်ဖို့ စီစဉ်ထားပေးမယ့် ပင်လုံ၊ ကျောက်မဲ၊ ကာလိနဲ့ တာချီလိတ် တွေ့ဆုံပွဲတွေမှာ နယ်မြေခံ တပ်မတော်ဘက်က လာရောက်ဟန့်တားတာကို ခံခဲ့ရပါတယ်။ 
3 years Ago
Up