ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့ တောင်ဘက် စစ်ကောင်စီလက်အောက်ခံ ခလရ - ၄၂၂ တပ်ရင်းကနေ ဖယ်ခုံမြို့အနောက်ဘက်မှာရှိတဲ့ ဒေါင်းအိကျေးရွာအပါအဝင် တခြား ကျေးရွာတွေဘက်ကို ၁၂၂ ဟောင်ဝစ်ဇာ အမြောက်တွေနဲ့ ဧပြီ ၁၁ ရက် ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ PDF ကပြောပါတယ်။
ဖယ်ခုံမြို့တောင်ဘက်မှာရှိတဲ့ ခလရ ၄၂၂ တပ်ရင်းကနေ မနေ့ညပိုင်းက စတင်ပြီး ဒီကနေ့ ဧပြီလ ၁၂ ရက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး လူတွေထိုက် ဒဏ်ရာရတာတော့ မရှိပါဘူး။
ကရင်နီဒေသမှာ ရှေ့တန်းတိုက်ပွဲနေတဲ့ နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော်တစ်ဦးက "မနေ့ညက ၁၂၂ ဟောင်ဝစ်ဇာတွေနဲ့ အကြောင်းမဲ့ပစ်တာ။ ဆက်တိုက်က ၅ လုံး စုစုပေါင်းတော့ ၁၀ လုံးကျော်မယ်။ ဒီမနက်မှာ ၅လုံးဆက်တိုက်ထပ်ပစ်တယ်။ အပျက်အစီးကိုမသိရသေးဘူး။ ကျေးရွာတွေကိုကျတယ်၊ စစ်ဘေးထပ်ရှောင်နေတယ်"လို့ ဆိုပါတယ်။
မိုးဗြဲဆည်(ဖယ်ခုံအင်း) အနီးက စစ်ကောင်စီ ခလရ ၄၄၂ တပ်ရင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်မှာရှိပြီး ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကြောင့် ဧပြီ ၃ ရက်နေ့ကနေ ၇ ရက်အထိ ပြည်သူ ၁ ဦးသေဆုံး ၆ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။
ဖေဖော်ဝါရီလအစပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဘက်မှ အင်အား ၁၅၀၀ခန့်ပါဝင်တဲ့စစ်ကြောင်း ၁၂ ကြောင်းနဲ့ ရှမ်း-ကယားနယ်စပ်ထဲကိုထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာ စစ်ရေးအခြေအနေ တင်းမာမှု လျော့ကျအလားအလာမရှိကြောင်းကို ISP Myanmar မြန်မာ့မဟာဗျူဟာ နဲ့မူဝါဒလေ့လာရေးအင်စတီကျူက ဧပြီလ ၁၀ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မတ်လအတွင်း ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၀၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၃ ဦးအရှင်ဖမ်းမိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းကနေ ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး စစ်ဖြစ်ပွားချင်မရှိတဲ့နေရာတွေကိုလည်း ညတိုင်း လိုလို ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက် ပြည်သူအများစု ဘေးလွတ်ရာကိုစစ်ဘေးရှောင်နေရပြီး ရေ၊ စားနပ်ရိက္ခာ အကူလိုအပ်နေပါတယ်။
ကရင်နီ(ကယားပြည်နယ်)နယ်စပ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ရိက္ခာနဲ့လက်နက်လာပို့တဲ့ စစ်ကောင်စီတပ်တွေကို ဒီရက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး အနည်းဆုံး ၁၄ ယောက်သေဆုံး၊ ၅ ယောက်အရှင်ဖမ်းနိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ကရင်နီနဲ့ ရှမ်းပြည်နယ်စပ် မြေပုံညွှန်း BP.12 ဘက်ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ အင်အား ၃၀ လောက်ပါတဲ့ ခလရ ၅၄ တပ်ကို ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ကဦးစီးပြီး ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ်(၅)တပ်ရင်းနဲ့ KNDF တို့က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က တပ်ခွဲမှူးတယောက်အပါအဝင် တခြားစစ်သည် ၅ ယောက်ကို အရှင်ဖမ်းနိုင်ခဲ့ပြီး MA လက်နက်မျိုးစုံ ၁၀ လက်နဲ့ ခဲယမ်းတွေဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေရာကို လိုက်လံရှင်းလင်းရာမှာ စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း တွေ့ခဲ့ရပြီး ပူးပေါင်းအဖွဲ့ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ KA အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်းကိုဖြတ်ပြီး ရိက္ခာပို့ဖို့ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော်(KA) အမှတ် ၃ တပ်ရင်းက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး တချို့ ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းကလည်း ကရင်နီတပ်မတော်(KA) အမှတ် ၃ တပ်ရင်းနဲ့ ရှမ်းပြည်ဘက်ကဆင်းလာတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ လွိုင်ကော်-ရှားတော နယ်စပ်အထိ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့ အဆင်မပြေတာကြောင့် အခုလိုရှမ်းပြည်ဘက်က ပို့နေတာလို့ ယူဆရပြီး စစ်ကောင်စီအခြေပြုနေတဲ့စခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကတည်းက မော်တော်ယာဉ် ၁၃ စီးနဲ့ စစ်အင်အား ၂၀၀ လောက် ရောက်နေတယ်လို့ သိရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။