စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရှားတောကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က မေ ၁၇ ရက် ညနေပိုင်းကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ရှားတောကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး နေအိမ်အများအပြား မီးလောင်ကျွမ်းနိုင်ကာ အိမ်ခြေဘယ်လောက် လောင်ကျွမ်းတယ် ဆိုတာကိုတော့ မသိရသေးဘဲ မီးခိုးတွေကိုပဲ အဝေးက လှမ်းမြင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ရုတ်တရက်ကြီး စစ်ရှောင်ခဲ့ရတာဆိုတော့ စားသောက်စရာ ဆန်ဆီတွေ များများမပါခဲ့သလို အဝတ်အထည်တွေလည်း မပါခဲ့ဘူး။ ပါခဲ့တာတွေလည်း ကုန်တော့မယ်။ အချင်းချင်း လှည့်စားနေကြရတယ်။ ရွာကိုလည်း မီးရှို့နေတယ်။ အရင်ကလည်း တခါအရှို့ခံရပြီးပြီ။ အခုကတော့ မီးခိုးတွေ မြင်ရသလောက်ဆို တော်တော်များနိုင်တယ်" လို့ ရှားတောကျေးရွာက စစ်ဘေးရှောင် ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရှားတောကျေးရွာက ဒေသခံပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရတာ ၁၀ ရက်လောက်ရှိပြီး မေ ၁၄ ရက်ကလည်း တိမ်းရှောင်ရာ တောထဲကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲကြုံနေရပါတယ်။
မနှစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကလည်း ရှားတောကျေးရွာရှိ နေအိမ် ၁၀ လုံးလောက်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စစ်ကောင်စီက ကလေးနယ်တောင်ပိုင်းကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၃ လဝန်းကျင် ရှိနေပြီလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှားတောကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြသူတွေဟာ ကလေးမြို့နယ်၊ ရေရှင်ကျေးရွာသားတွေဖြစ်ပြီး အဆိုပါကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတွေက စစ်ကြောင်းထိုးနေသလို ကျေးရွာသားတချို့ကို သတ်ဖြတ်ခဲ့ပါတယ်။
လက်ရှိ ရေရှင်ကျေးရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။
ဒါကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေအပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေပါ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ဘေးရှောင်စခန်းမှာ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ နို့တိုက်မိခင်နဲ့ မသန်စွမ်းသူတွေအပါအဝင် လူဦးရေ ၁၀၀ ကျော် ရှိနေပါတယ်။