close

ရှိမ်းမကားရဲစခန်း

close

June 13, 2022

ရှိမ်းမကားရဲစခန်းကို ဝက်လက်အခြေစိုက် မဟာမိတ်ပြောက်ကျားတပ်များ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိမ်းမကားကျေးရွာက ရဲစခန်းကို ဒေသကာကွယ်ရေး  မဟာမိတ်ပြောက်ကျားတပ်ဖွဲ့ ၅ ဖွဲ့က ဇွန် ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ဒရုန်းနဲ့ရော မြေပြင်ကပါ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နယ်စည်းမခြား တော်လှန်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒေသခံ လူငယ်အဖွဲ့လေးတွေရဲ့ ဒရုန်း နည်းပညာနဲ့ အပေါ်ကပဲ  ကျနော်တို့ ချပစ်တယ်ပေါ့နော်။ ချပစ်ပြီးတော့ ဒီ ကျနော်တို့ နယ်မြေခံ အဖွဲ့တွေနဲ့ပဲ မြေပြင်ရယ်၊ ဝေဟင်ရယ်၊ အပေါ်ရယ်ပေါ့နော် အဲ့လိုမျိုးလေး ပေါင်းဖွဲ့ပြီးတော့ ကျွန်တော်တို့ သွားကြတာပေါ့နော်။ နေ့လယ် နှစ်နာရီလောက်က စပြီးတော့ ကျနော်တို့ ညနေ လေးခွဲလောက်မှာ သူတို့ စခန်းနားအထိ ရောက်အောင် ကပ်နိုင်ခဲ့တယ်ပေါ့နော်။ အဲ့လိုကပ်နိုင်တဲ့အချိန်မှာ သူတို့က စခန်းပေါ်ကနေ အကုန်ထွက်ပြေးပြီးတော့ အခြားတနေရာကို ရွှေ့သွားတာ၊ အဲ့ဒီအချိန် သူတင်ကိုယ်တင်ဖြစ်နေတဲ့အချိန်မှာပဲ နမခက MI 35 နဲ့ လာပြီးတော့ ကျနော်တို့ကို ပစ်တာပေါ့နော်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က စနိုက်ပါနဲ့ ပစ်တဲ့အတွက် မဟာမိတ်ပြောက်ကျားအဖွဲ့ဘက်က နားရွက်ကို ထိမှန်ခဲ့သူတဦးနဲ့ ရှပ်ထိသူတဦးသာရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်နေစဉ် ညနေပိုင်းမှာ ရှိမ်းမကားကျေးရွာတဝိုက်က ပြောက်ကျားတပ်ဖွဲ့တွေ ခိုအောင်းနေတယ် ယူဆရတဲ့ နေရာတွေကို စစ်ရဟတ်ယာဉ် နဲ့ လိုက်လံပစ်ခတ်ခဲ့‌တယ်လို့ နယ်စည်းမခြား တော်လှန်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လေယာဉ်ဟာ ကျေးရွာတဝိုက် အပေါ်စီးကနေ နာရီဝက်လောက် လှည့်လည် ဝဲပျံရှာဖွေပြီး အချက်နှစ်ဆယ်လောက် ပစ်ခတ်ခဲ့ပေမယ့် မဟာမိတ် ပြောက်ကျားတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက် အကျအဆုံးမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်အုပ်စုဟာ စစ်သား၊ရဲနဲ့ ပျူစောထီး အင်အား ၅၀ လောက်နဲ့ ရှိမ်းမကားမှာ အခြေချပြီး ဒေသခံ တွေအပေါ်မှာ ငွေညှစ်တာ၊ ဖမ်းဆီးတာ၊ ပြည်သူပိုင် ပစ္စည်းတွေကို သိမ်းယူတာ၊ ဒဏ်ရိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရှိမ်းမကားရဲစခန်းတိုက်ခိုက်မှုကို နယ်စည်းမခြားတော်လှန်ရေးအဖွဲ့၊ Aventure လူငယ်ပြောက်ကျားအဖွဲ့၊ တောကြီးမြွေပွေးအဖွဲ့၊ လျှပ်စီး ပြောက်ကျားအဖွဲ့၊ ဒေါင်းစစ်သည် စတဲ့ ဝက်လက်မြို့နယ်အခြေစိုက် မဟာမိတ်ပြောက်ကျားအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဓာတ်ပုံ CJ

2 mins Ago

November 27, 2021

စစ်ကိုင်းမြို့နယ်၌ ဆိုင်ကယ်စီးလူငယ် ၂ ဦးကို ရဲက ဖမ်းဆီးပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက် ငွေညှစ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ   ရွာသား လူငယ်နှစ်ယောက်ကို ဆိုင်ကယ်နှစ်ယောက်တွဲစီးတာကြောင့်  ရှိမ်းမကားရဲစခန်းကနေ  ဖမ်းဆီးပြီး  ငွေကျပ်  သိန်း ၃၀ နဲ့  ပြန်ရွေးခိုင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ကျေးရွာသားနဲ့ ကျောက်တာကျေးရွာသားလို့သိရပြီး   နိုဝင်ဘာ ၂၃ ရက်နေ့က ဆိုင်ကယ်နှစ်ယောက်တွဲ စီးနင်းကာ ကျောက်တာကျေးရွာကို ခရိုင်ချင်းဆက်လမ်းပေါ်ကနေ ကူးသန်းသွားလာကြစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တာပါ။

လူငယ် နှစ်ယောက်ကို  ရှိမ်းမကားရဲစခန်းကိုခေါ်ဆောင်ကာ   နိုဝင်ဘာ ၂၆ ရက်က  ခြိမ်းခြောက် ငွေတောင်းခဲ့တာလို့ ဒေသခံက ပြောပါတယ်။

“ရဲစခန်းက ဖမ်းဆီးခံရတဲ့သူတွေရဲ့ အိမ်ကိုဆက်သွယ်ပြီး ပိုက်ဆံ ကျပ်သိန်း ၃၀ နဲ့ လာရွေးခိုင်းတယ်။ သူတို့နှစ်ဦးကို လာမရွေးရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ သူတို့နှစ်ဦးရဲ့ မိသားစုဝင်တွေက ပိုက်ဆံ ကျပ်သိန်း ၃၀ ပေးပြီး ရှိမ်းမကားရဲစခန်းကနေ ရွေးခဲ့ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုဝင်ဘာလကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့  အမျိုးသား ၂ ယောက်အတူတွဲပြီး ဆိုင်ကယ်မစီးဖို့အပါအဝင် ဆိုင်ကယ်စီးနင်းမှုနဲ့ ပတ်သက်လို့ ကန့်သတ် တားမြစ်ချက်တွေကို အမျိုးမျိုးထုတ်ပြန်ထားခဲ့ပြီး မလိုက်နာသူတွေကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတဲ့အထိ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

7 months Ago
Up