အဲဗာတန်အသင်းဟာ ဘန်လေအသင်းနည်းပြဟောင်း ရှောင်ဒိုက်ချ် ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြထားပါတယ်။
တန်းဆင်းဇုန် တိုက်ပွဲမှာ ဆိုးဆိုးရွားရွား ထွက်ခဲ့ရတဲ့ အဲဗာတန်အသင်းရဲ့ နည်းပြဟောင်း ဖရန့်ခ်လမ်းပတ်ကို ဒီတပတ်မှာ အသင်းကနေ ထုတ်ပယ်ခဲ့ပြီးနောက်မှာ သူ့နေရာကို အသက် ၅၁ အရွယ် ရှောင်ဒိုက်ချ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
နည်းပြအသစ် ဖြစ်လာမယ့် ဒိုက်ချ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ဘန်လေအသင်းကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ဘန်လေအသင်းကို သူတာဝန်ယူခဲ့တဲ့ ၁၀ နှစ်နီးပါး ကာလအတွင်းမှာ အသင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
ဘန်လေအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ တန်းဆင်းဇုန်ဆီ ဦးတည်လာတာကြောင့် ရာထူးကနေ ထုတ်ပယ်မခံရခင် အထိ ရှောင်ဒိုက်ချ်ဟာ သက်တမ်းရှည် အင်္ဂလိပ်လူမျိုး မန်နေဂျာတဦးအဖြစ် ရပ်တည်နိုင်ခဲ့သူပါ။
ရှောင်ဒိုက်ချ် တာဝန်ယူခဲ့တဲ့ ၁၀ နှစ်နီးပါးကာလအတွင်း ဘန်လေအသင်းဟာ ချန်ပီယံရှစ်အဆင့်ကနေ ပရီးယားမီးလိဂ်ကို ၂ ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ပရီးမီးယား ဇယားထိပ်တစ်ဝက်မှာ ၂ ကြိမ်တိုင် ရပ်တည်နိုင်ခဲ့သလို အသင်းရဲ့ ၅၁ နှစ်တာ ကာလအတွင်း ပထမဆုံး ဥရောပပြိုင်ပွဲဝင်ခွင့်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။
ဒိုက်ချ်ဟာ ၂၀၁၁-၁၂ ရာသီမှာ ဘန်လေအသင်းကို မကိုင်တွယ်ခင်တုန်းက ဝက်စ်ဖို့ဒ်အသင်းကိုလည်း ၁ ရာသီကြာ ကိုင်တွယ်ခဲ့ဖူးပါတယ်။