စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စက်ရုံမှာ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ဧပြီ ၁၆ ရက် ညနေ ၃ နာရီကနေ ၄ နာရီကျော်အထိ (PDF) မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းနဲ့ ဒေသခံတပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ အဆောက်အဦအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား ၁ ယောက် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာက PDF တပ်ဖွဲ့တွေက ကျောက်ထုလေတပ်၊ အမြောက်တပ်၊ ကပစနှင့် ဝါဇီငွေစက္ကူစက်ရုံတို့ကို တိုက်ခိုက်ခဲ့တာတွေ ရှိသလို စစ်တပ် ရုံးစိုက်ရာ နေပြည်တော်လို နေရာမှာတောင် တော်လှန်ရေး အင်အားစုတွေက ခြိမ်းခြောက်နိုင်ခဲ့တာ၊ စစ်အခြေစိုက်စခန်းတွေနဲ့ အရေးကြီးနေရာတွေကို ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး လက်နက်တွေ သိမ်းယူနိုင်ခဲ့တဲ့ တိုက်ပွဲ ဖြစ်စဥ်တွေလည်း နေ့စဥ်နဲ့အမျှ ရှိနေခဲ့တာပါ။
ဒါကြောင့်မို့ မြန်မာ့ နှစ်သစ်ကူးမှာ စိတ်ဓာတ်ပျက်ပြားပြီး သွေးလန့်ချောက်ချားနေရမယ့် သူဟာ ပြည်သူ့ရန်သူ စစ်အုပ်စုပဲ ဖြစ်ပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ အဘက်ဘက်က ကျဆုံးနေတာဖြစ်လို့ လူထုနဲ့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စိတ်အားမလျော့ကြဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
နေပြည်တော်မှာကျင်းပမယ့် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြကွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ဖို့ စီစဉ်နေသူ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။
မတ်လ ၂၄ ရက်က ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာ၊ အဝေရာဆည်အနီးရှိ သရက်ခြံမှာ စိန်လွင်(ခ)မောင်စိန်(ခ)ခေရကို ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံးနဲ့ ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ ထွက်ဆိုချက်အရ ၀င်းမျိုးထက်(ခ)၀င်းနိုး(ခ)ဘီလား ကို လည်း ရှော့တိုက်ဒုံးတစ်လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ဒါအပြင် ပျဉ်းမနားမြို့နယ် ညောင်ပင်ကြီးရွာနဲ့ ချောင်းကမ်းကြီးရွာတွေမှာလည်း ထပ်မံဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။
အခုလို ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ နေပြည်တော် PDF အဖွဲ့မှ ဗိုလ်တေဇက သူ့ရဲ့ ကျန်ရှိနေတဲ့သူတွေ လွတ်မြောက်နယ်မြေရောက်ပြီး ဒီတပွဲ မအောင်ပေမဲ့ နောက်တပွဲဆက်ကြိုးစားသွားပါမယ်လို့ လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားထားသလို တပ်မတော်စစ်ရေးပြကွင်းကို လက်နက်ကြီးနဲ့ပစ်ဖို့ စီစဉ်တာနဲ့ပတ်သက်ပြီးလည်း အကောင်အထည်ပေါ်ဖို့ လက်တလုံးအလိုမှာ ကျဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ မဲစာရင်းကို အကြောင်းပြပြီး မတရားအာဏာသိမ်းယူခဲ့တဲ့အတွက် ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြတဲ့ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီးမှုခဲ့တဲ့အတွက် ပြည်သူတွေအနေနဲ့ ခုခံတွန်းလှန် စစ်ပွဲ ဆင်နွှဲနေတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းကာလ နှစ်နှစ်ကျော်အကြာမှာ အပြစ်မဲ့ပြည်သူ ၃၁၆၀ ဦးကျဆုံးခဲ့ရသလို ၂၀၈၄၆ ဦးဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။