အမေရိကန်နိုင်ငံ၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ တစ်ချိန်က သြဇာကြီးမားခဲ့တဲ့ ရှေ့နေ ရစ်ချတ်အဲလက်စ်မားဒေါ့ကို ဇနီးနဲ့သားဖြစ်သူအပေါ် သတ်ဖြတ်မှုအတွက် မတ်လ ၂ ရက်မှာ အပြစ်ရှိကြောင်း တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတယ်။
ဒီလို ထိတ်လန့်ကြောက်ရွံ့ဖွယ် ရှုပ်ထွေးတဲ့ ဒီအမှုကို တစ်နိုင်ငံလုံးက ၂ နှစ်နီးပါး စောင့်ကြည့် နေခဲ့ကြတာပါ။
ဂျူရီလူကြီး ၁၂ ဦးပါဝင်တဲ့အဖွဲ့က အသက် ၅၄ နှစ်အရွယ် မားဒေါ့ဟာ အသက် ၅၂ နှစ် အရွယ် သူ့ဇနီး မက်ဂီနဲ့ အသက် ၂၂ နှစ်အရွယ် အငယ်ဆုံးသား ပေါလ်တို့ကို မိသားစုပိုင် နေအိမ်ခြံထဲက ခွေးလှောင်အိမ်အနီးမှာ သတ်ဖြတ်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီစီရင်ချက်ကြောင့် မားဒေါ့အနေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရတော့မှာပါ။ ဒီအမှုကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကိုးလ်တန်ကောင်တီတစ်ဝိုက်မှာ မားဒေါ့မိသားစုရဲ့ ကြီးမားတဲ့ နိုင်ငံရေး အာဏာကြောင့် မီဒီယာတွေက သတင်းအများအပြား ဖော်ပြခဲ့ကြပါတယ်။
ချားလ်စ်တန်မြို့အနောက်ပိုင်းမှာ သြဇာကြီးမားတဲ့ ဥပဒေရေးရာ မိသားစုဝင်တစ်ဦးဖြစ်သူ မားဒေါ့က ဒီလူသတ်မှုမှာ အပြစ်မရှိဘူးလို့ ပြောဆိုထားတာပါ။
ဒါပေမဲ့အခင်းဖြစ်ရာမှာ ရှိမနေခဲ့ဖူးဆိုတဲ့ အလီဘိုင် ဆင်ခြေအပေါ် လိမ်ညာခဲ့ကြောင်း မားဒေါ့က ဝန်ခံခဲ့သလို ဘဏ္ဍာရေးပြစ်မှုတွေအတွက် ဝန်ခံထွက်ဆိုရာမှာလည်း အချက်အလက်တွေကို လုပ်ကြံဖန်တီးထားတာကြောင့် ဂျူရီလူကြီးတွေက မားဒေါ့အပေါ်မှာ အယုံအကြည် ကင်းမဲ့လာခဲ့ပါတယ်။
ဒီတရားခွင်တစ်လျှောက်လုံးမှာ အစိုးရရှေ့နေတွေက မားဒေါ့ဟာ ဆက်တိုက် လိမ်လည်နေသူ အဖြစ် ပုံဖော်ဖို့ကြိုးပမ်းခဲ့ကြပြီး မားဒေါ့ကတော့ လူသတ်မှုတွေကိုကျူးလွန်ဖို့ နည်းလမ်းတွေနဲ့ အခွင့်အရေး ရှိခဲ့တာသာ ဖြစ်ကြောင်း စောဒကပြန်တက်ခဲ့ပါတယ်။
အစိုးရှေ့နေတွေကတော့ မားဒေါ့ဟာ ဘဏ္ဍာရေးပြစ်မှုများစွာကို အာရုံပြောင်းနိုင်ဖို့အတွက် ဇနီးနဲ့သားကို သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ပြောပါတယ်။
နှစ်ပေါင်းများစွာ အိုပီအွိုဒ် မူးယစ်ဆေးစွဲလမ်းမှုနဲ့ ဇိမ်ခံလူနေမှုပုံစံအတွက် ဒေါ်လာ သန်းပေါင်းများစွာကို ဥပဒေရေးရာ လုပ်ဖော်ကိုင်ဖက်တွေအပြင် အမှုသည်တွေဆီက မားဒေါ့ ခိုးယူခဲ့တယ်လို့လည်း သိရပါတယ်။
၂၀၁၆ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ဥပဒေအခွင့်အရေးအဖွဲ့က ရှေ့နေ ဝီလီ ခီမာနီ နဲ့ တခြားနှစ်ဦးကို သတ်ဖြတ်မှုအတွက် ရဲအရာရှိ ၃ ဦးနဲ့ သူတို့ရဲ့ သတင်းပေးကို ကင်ညာနိုင်ငံတရားရုံးက ဖေဖော်ဝါရီ ၃ ရက်မှာ ဆယ်စုနှစ်ချီ ထောင်ဒဏ်တွေ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က ခီမာနီရဲ့ အမှုသည် ဂျိုးဆက်မွမ်ဒါ ကို ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ဒဏ်ရာရရှိခဲ့ပြီးနောက် ခီမာနီနဲ့ သူ့အမှုသည် မွမ်ဒါ တို့ဟာ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို တိုင်ကြားခဲ့ပြီးနောက် မကြာခင်မှာပဲ သူတို့ရဲ့အတူ သူတို့ရဲ့ ယာဉ်မောင်း ဂျိုးဆက်ဖှ် မွီရူရီတို့ အသတ်ခံခဲ့ရပါတယ်။
သူတို့ရဲ့ရုပ်အလောင်းတွေကို နောက်တော့မှ မြို့တော် နိုင်ရိုဘီ အပြင်ဘက်ရှိ မြစ်ထဲကနေ ဆယ်ယူရရှိခဲ့တာပါ။
ဒီလူသတ်မှုဟာ အကွက်ကျကျ စီစဉ်ပြီး ကျကျနန ကြံစည်သတ်ဖြတ်မှု လို့ တရားသူကြီး ဂျက်ဆီ လက်စစ်က ပြောပါတယ်။
တရားခံ ၄ ဦးကို လူသတ်မှုနဲ့ မနှစ်က ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အဓိကတရားခံ ဖှရက်ဒရစ်ခ် လယ်လီမန်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
တခြားရဲအရာရှိ ၂ ဦးဖြစ်တဲ့ စတီဖှင် ချဲဘရတ် နဲ့ ဆီလ်ဗီယာ ဝမ်ဂျီကူ၊ သူတို့ရဲ့ အရပ်သား သတင်းပေးသမား ပီတာငူဂီ တို့ကို ထောင်ဒဏ် အနှစ် ၂၀ ကနေ ၃၀ အထိ ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကင်ညာနိုင်ငံဟာ ၁၉၈၇ ခုနှစ်ကတည်းက ဘယ်သူ့ကိုမှ ကွပ်မျက်စီရင်ခြင်း မပြုဘဲ သေဒဏ်ပေးတာကို ထောင်ဒဏ် တသက်တကျွန်းကို ပြောင်းလဲလျှော့ချပါတယ်။
ကင်ညာရဲတွေဟာ ရက်စက်ကြမ်းကြုတ်မှုနဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကို မကြာခဏ ရင်ဆိုင်ရပြီး ပြစ်ဒဏ် မခံရသလောက် ဖြစ်တာကြောင့် ဒီအမှုဟာ ကင်ညာကို ဒေါသထွက်စေခဲ့ပါတယ်။
ကင်ညာရဲတပ်ဖွဲ့ကတော့ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်သော ရဲတပ်ဖွဲ့ ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (IPOA) ကို ဖွဲ့စည်းထားပြီး စွပ်စွဲခံရတဲ့ ဘယ်အရာရှိကို မဆို အရေးယူမှာဖြစ်ကြောင်း ပြောပါတယ်။