close

လက်တကမ်းအလို

close

December 17, 2022

ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက်ရယူရန် လက်တကမ်းအလိုရောက်နေသည့် ပြင်သစ်နှင့် အာဂျင်တီးနား

၁၉၆၂ ခုနှစ်ဘရားဇီးအသင်းရဲ့ရွှေခေတ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ဖို့အတွက် ပြင်သစ်အသင်းဟာ လက်တကမ်းအလိုကို ရောက်ရှိနေပြီး အာဂျင်တီးနားအသင်းကလည်း  ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက် ရယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပ်ပွဲကို ကာတာနိုင်ငံမှာ  ပြင်သစ်အသင်းနဲ့ အာဂျင်တီနားအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ပထမဆုံး ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရားဇီးလ်အသင်းက ၁၉၅၈ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်မှာ အောင်မြင်မှုရရှိခဲ့တာဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် မက္ကဆီကိုနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖလားမှာတော့ ဘရားဇီးလ်အသင်းရဲ့ ကမ္ဘာ့ဖလားအောင်မြင်မှု စုစုပေါင်း ၅ ကြိမ်ထဲက သုံးကြိမ်မြောက်ကို ဆွတ်ခူးနိုင်ခဲ့တာပါ။ နောက်ဆုံး နှစ်ကြိမ်ကတော့ ၁၉၉၄ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တို့မှာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းကတော့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ်မှာ ခရိုအေးရှားအသင်းကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် သမိုင်းတလျှောက် ကမ္ဘာ့ဖလားနှစ်ကြိမ်မြောက်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နည်းပြဒက်စ်ချမ့်ရဲ့ ပြင်သစ်အသင်းဟာ လာမယ့် ဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင် ကမ္ဘာ့ဖလားသုံးကြိမ်မြောက် ဆွတ်ခူးနိုင်မှာဖြစ်သလို ဘရားဇီးအသင်းနောက်ပိုင်း နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်မှာပါ။

ပြင်သစ်အသင်းခေါင်းဆောင်ဟောင်း လက်ရှိနည်းပြဒက်ချမ့်ဟာ သမိုင်း တလျှောက် ကမ္ဘာ့ဖလားဖိုင်နယ် နှစ်ကြိမ်ဆက် တက်ရောက်နိုင်အောင် ဦးဆောင်နိုင်ခဲ့တဲ့ လေးယောက်မြောက် နည်းပြ ဖြစ်လာသလို ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ရရှိအောင် စွမ်းဆောင်နိုင်တဲ့ နည်းပြမရှိသေးတာကြောင့် ဒက်စ်ချမ့်မှာ အခွင့်အရေးရှိနေတာပါ။ 

နိုင်ငံအသင်းကို ကမ္ဘာ့ဖလားဖိုင်နယ် နှစ်ကြိမ်ဆက် တက်ရောက်နိုင်အောင် ဦးဆောင်နိုင်ခဲ့တဲ့ တခြားနည်းပြ ၃ ဦးကတော့ အီတလီအသင်း နည်းပြဟောင်း ဗစ်တိုရီယို ပိုဇို၊ အာဂျင်တီးနား အသင်းနည်းပြဟောင်း ကားလို့စ် ဘီလာဒိုနဲ့ အနောက်ဂျာမနီ အသင်းနည်းပြဟောင်း ဖရန့်ဇ် ဘက်ကင်ဘောင်ဝါ တို့ပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ပြင်သစ်အသင်းက ၁၉၉၈ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တို့မှာ ကမ္ဘာ့ဖလားနှစ်ကြိမ် ဆွတ်ခူးထားပြီး အာဂျင်တီးနားအသင်းကလည်း ၁၉၇၈ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တို့မှာ နှစ်ကြိမ်ဆွတ်ခူးခဲ့တာကြောင့် အခု ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားဖိုင်နယ်မှာ အနိုင်ရရှိတဲ့အသင်းက သုံးကြိမ်မြောက်ကမ္ဘာ့ဖလားကို ဆွတ်ခူးရယူနိုင်မှာ ဖြစ်ပါတယ်။

10 mins Ago
Up