ထန်တလန်မြို့မီးရှို့ခံရတာ နဲ့ ပတ်သက်လို့ ညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ YDF တပ်ဖွဲ့က အောက်တို့ဘာ ၃၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ထန်တလန်မြို့ကို အောက်တိုဘာလ ၂၉ ရက်နေ့မနက်ပိုင်းမှာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က အပြင်းအထန်ကန့်ကွက် ရှုတ်ချတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ထန်တလန်မြို့က နှစ်ခြင်းအသင်းတော် ၄ ထပ်အဆောက်ဦနဲ့ ခရစ်ယာန်ဘုရားကျောင်း ၂ ခုအပါဝင် နေအိမ် ၂၀၀ ကျော်မီးလောင်ပျက်စီးတဲ့အပေါ်မှာ များစွာစိတ်မကောင်းဖြစ်ပြီး ထပ်တူထပ်မျှခံစားရတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်မို့ ကိုယ့်နိုင်ငံကပြည်သူတွေကို လက်နက်အားကိုနဲ့ စိတ်ပါလက်ပါ အကြမ်းဖက်နေတဲ့ စစ်တပ်ကို ပြည်သူလူထုရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက် သက်ဆိုင်ရာ ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းကာ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်သုက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ထန်တလန်မြို့က နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ သင်းအုပ်ဆရာတစ်ယောက်ကို သတ်ဖြတ်သွားပြီး အခုဒုတိယ အကြိမ်မှာလည်း ဘာသာရေးအဆောက်ဦတွေအပါဝင် နေအိမ် ၁၆၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထန်တလန်မြို့မှာ အိမ်ခြေ ၁၈၀၀ ကျော်၊ လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်ကာ မြို့လုံးကျွတ်ထွက်ပြေတိမ်းရှောင်နေကြပြီး အများစုက အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်ထဲကို ကျေးရွာတွေကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့က ပဲခူးတိုင်း ထန်းတပင်မြို့မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်လို့ ပြည်သူတစ်ယောက် ကျဆုံးပြီး တစ်ယောက်ဒဏ်ရာရတဲ့အပေါ် လက်တုံ့ပြန်သွားမယ်လို့ ထန်းတပင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။
မေ ၂၁ ရက်က စစ်တပ်နဲ့ သူတို့လက်ပါးစေ ပျူစောထီးတွေဟာ စာသင်ကျောင်းတွေနဲ့ ကျေးရွာတွေမှာ တပ်စွဲထားခဲ့ပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ဖို့ ကန့်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကြားထဲမှာပဲ မေ ၂၂ ရက် ည ၉ နာရီလောက်က မိုင်တဲတာဝါတိုင်တခုနဲ့ရပ်ကွက်တချို့မှာ ပေါက်ကွဲတာတွေဖြစ်ခဲ့ပြီး ဒါဟာ စစ်ကောင်စီလက်ချက်ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စွပ်စွဲပါတယ်။
ဒီပေါက်ကွဲတာတွေဖြစ်ပြီးနောက် စစ်ကောင်စီ တပ်တွေဟာ မြို့ပေါ်ရပ်ကွက်တွေမှာ သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ပြည်သူတစ်ယောက်ကျဆုံး၊ တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။
ကျဆုံးသွားသူကတော့ ထန်းတပင်မြို့ အောင်သုခ ရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် ဦးမျိုးသန့်ထွေးဖြစ်ပြီး သူ့မှာ ဇနီးနဲ့ သမီး ၂ ယောက်ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရသူကိုတော့ လုံခြုံတဲ့နေရာမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။
ကျဆုံးသွားတဲ့ပြည်သူအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး လက်တုံ့ပြန်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။