မန္တလေးမြို့မှာ မြေပြင်သတင်းနဲ့ မြို့ပြတော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တချို့ ဖမ်းခံရပြီးနောက် ကျန်အဖွဲ့ဝင်တွေဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိကာ လက်နက်ကိုင်ဆက်တော်လှန်မယ်လို့ Voice Of Mandalay (VOMDY)က ပြောပါတယ်။
Voice Of Mandalay မှာ အစမ်းခန့်ထားတဲ့ Admin အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီ လောက်မှာ မန္တလေးသပိတ်စစ်ကြောင်းမှ ဖမ်းခံရသူတွေနဲ့ ဆက်စပ်ပြီး ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပြီး ကျန်အဖွဲ့ဝင်တွေကို ထပ်မံဖမ်းဆီးဖို့ ခြေရာခံလိုက်နေတာကြောင့် ကျန်ရှိနေသေးတဲ့ အဖွဲ့ဝင်တွေဟာ လွတ်မြောက် နယ်မြေကို အချိန်မီရှောင်တိမ်းခဲ့ရတယ်လို့ အဆိုပါအဖွဲ့မှ အဖွဲ့ဝင် တဦးက ပြောပါတယ်။
"ဘယ်လိုပါသွားမှန်းသေချာမသိဘူး။ ပါတာမိန်းကလေးတွေ ဒါနဲ့ဆို နှစ်ယောက်ရှိပြီ။ သူ အဖမ်းခံရမှ သိတာ။ အလုပ်ကနေ ဖုန်းဆက်လို့သွားတွေ့တာကို ထောင်ဖမ်းခံရတာ။ ဖမ်းခံရတုန်းက သပိတ် အဆက်စပ်နဲ့။ မိတော့မှ ဖုန်းစစ်ရင်း VOMDY ကမှန်းသိသွားတာ”
မန္တလေးမြို့မှာ စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေကို အပြင်းအထန် ဖမ်းဆီး သတ်ဖြတ်နှိမ်နင်းထားပြီး အစိုးရဌာနတွေကိုလည်း မြို့ပေါ်မှာ ပေါ်ပေါ်တင်တင် ပြန်ဖွင့်နေတာ ကြောင့် ကျန်ရှိနေသေးတဲ့ တော်လှန်ရေးအင်အားစုတွေဟာ လွတ်မြောက်နယ်မြေတွေကို ရှောင်တိမ်း ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။
VOMDY တော်လှန်ရေး ရဲဘော်တယောက်က "ဖယောင်းတိုင်တွေ မီးစာ မကုန်သေးသရွေ့တော့ တကွက်စာလေးပဲ ဖြစ်ဖြစ် လင်းနေဦးမှာပါ"လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံမှ တရားစီရင်ရေးမဏ္ဍိုင်ပြိုလဲသွားပြီဖြစ်တဲ့အတွက် အကြမ်းဖက်စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်ဖို့ စစ်သင်တန်းတက်နေတယ်လို့ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် တွဲဖက်တရားသူကြီး ဦးကောင်းမြတ်သူက ပြောပါတယ်။
ဦးကောင်းမြတ်သူကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အကြမ်းဖမ်းစစ်ကောင်စီက ၅၀၅(က)နဲ့ အမှုဖွင့်တရားစွဲဆိုထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ဦးကောင်းမြတ်သူကို မဖမ်းနိုင်တဲ့ အတွက် သူ့ရဲ့မိခင်ကို ဧပြီ ၂၇ ရက်နေ့က ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။
ဦးကောင်းမြတ်သူက "ကျနော်ဆက်လုပ်ရမယ့် ပြောက်ကျားတော်လှန်ရေးတွေဘက်ကို စိတ်နှစ်လုပ်နေပြီး အမေ့ဖြစ်စဉ်ကိုလည်း မသိသလိုမေ့ထားပါတယ်" လို့ ပြောပါတယ်။
ရန်ကုန်မြို့အခြေစိုက် လူငယ်ရှေ့နေတွေဟာလည်း မတရားဖမ်းဆီးခံရသူတွေရဲ့အမှုတွေကို ဥပဒေကြောင်းအရ ကူညီဖြေရှင်းပေးဖို့မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ဆန္ဒပြသူတွေကို ဖမ်းဆီးနေရုံမက အဖမ်းခံရသူတွေလွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုပါဖမ်းဆီးထောင်ချနေတာဖြစ်ပါတယ်။
ဒါကြောင့် လူငယ်ရှေ့နေတွေနဲ့ ဥပဒေသမားတချို့ကလည်း လက်နက်ကိုင်တော်လှန်တဲ့ လမ်းစဉ်ကို ရွေးလိုက်ပြီလို့ ပြောကြပါတယ်။
"ဥပဒေကြောင်းအရ ရှေ့နေလိုက်ပေးတာက အလုပ်မဖြစ်တော့ဘူး။ သက်ဆိုင်ရာ Unit အလိုက် အစုအဖွဲ့တွေဖွဲ့ထားပါတယ်။ နောက်ပိုင်းမှာ Federal Army နဲ့ပူးပေါင်းပါမယ်" လို့ ရန်ကုန်အခြေစိုက် လူငယ်ရှေ့နေတစ်ဦးက ပြောပါတယ်။
တရားရေးမှာ ခရိုင်အဆင့်တရားသူကြီး ၃ ဦးအပါအဝင် တရားသူကြီး ၄၀ ကျော်နဲ့ အခြားအဆင့်ဝန်ထမ်း စုစုပေါင်း ၂၀၀ နီးပါး CDM မှာပါဝင်နေကြပြီး သူတို့ကို အလုပ်ပြန်ဝင်ဖို့ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးနေပါတယ်။