close

လက်နက်ကိုင်အဖွဲ့

close

February 13, 2023

ပုလောမြို့နယ်တွင် မိသားစု ၇ ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ သတ်ဖြတ်

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အလယ်ကုန်းရွာမှာ အမည်မသိ လက်နက်ကိုင်တစုက တနှစ်သားကလေး အပါအဝင် မိသားစု ၇ ဦးကို ဖေဖော်ဝါရီ ၁၁ ရက် ည ၁၀ နာရီလောက်က နေအိမ်မှာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူတွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ရဲ့ဇနီး၊ သမီးနဲ့ မြေးတွေဖြစ်ပြီး ဦးအောင်မြင့်ရဲ့ သမက်မှာလည်း ပျူစောထီးအဖွဲ့ဝင်တဦး ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက “ဒီလိုသတ်ဖြတ်မှုအပေါ်မှာ ကျနော်တို့အနေနဲ့ လက်ခံနိုင်စရာ မရှိပါဘူး။ လုပ်တဲ့အဖွဲ့ကိုလည်း စုံစမ်းဖော်ထုတ်သွားမှာပါ” လို့ ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၆၁ နှစ်အရွယ် ဒေါ်ကြင်နွဲ့၊ သမီးဖြစ်သူ ၄၂ နှစ်အရွယ် ဒေါ်သန်းသန်းမော်၊ မြေးဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်နေထက်သိန်း၊ အသက် ၁၆ နှစ်အရွယ် မောင်ဇေယျာအောင်၊ အသက် ၁၃ နှစ်အရွယ် မောင်စိုးမင်းပိုင်၊ အသက် ၉ နှစ်အရွယ် မမေဇင်ဖြူနဲ့ အသက် ၁ နှစ်အရွယ် မောင်သားသားတို့ ဖြစ်ပါတယ်။

ဒီလိုသတ်ဖြတ်ခံရတာဟာ မူးယစ်ဆေးကြောင်တဲ့ လူတစုကနေပြီး လုပ်သွားတယ်လို့ ဒေသခံတချို့က ဒီဗွီဘီကို ပြောပါတယ်။

မိသားစု ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ အမည်မသိ လက်နက်ကိုင်တစုကိုတော့ ဒီဗွီဘီအနေနဲ့ သီခြားအတည်မပြုနိုင်သေးပါဘူး။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က အမည်မသိ လက်နက်ကိုင်တစုက ရွာသား ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ချောင်းကဖက်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိ လက်နက်ကိုင်တစုက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

2 mins Ago

January 2, 2023

လွတ်လပ်ရေးနေ့တွင် လက်နက်ကိုင်အဖွဲ့များ အစစ်အဆေးမရှိ သွားလာနိုင်ဟု ကျောက်ဖြူ ထွေအုပ်ပြော

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ကျရင် လက်နက်ကိုင်အဖွဲအစည်းတွေအနေနဲ့ စစ်ဆေးမှုတစုံတရာ ခံယူစရာမလိုဘဲ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်တယ်လို့ ကျောက်ဖြူမြို့အထွေထွေအုပ်ချုပ်ရေးကပြောထားတယ်လို့ ကျောက်ဖြူဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက် မနက်က ကျောက်ဖြူ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ကျောက်ဖြူအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဋ် က အခုလို အသိပေး ပြောကြားခဲ့တာလို့ ဆိုပါတယ်။

ကျောက်ဖြူဒေသခံတဦးက "လာမယ့် ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက် လွတ်လပ်ရေးနေ့အတွက် Show ပွဲတွေရှိတယ်။ ကစားပြိုင်ပွဲတွေရှိတယ်။ အဲဒီပွဲတွေကို ရခိုင်လက်နက်အဖွဲတွေ လွတ်လပ်စွာလာရောက်ကြည့်ရှု အားပေးနိုင်တယ်။ အစစ်အဆေးတွေရပ်နားထားမယ်လို့ ပြောဆိုထားတယ်”လို့ ပြောပါတယ်။

ဇန်နဝါရီ ၄ ရက် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ကျောက်ဖြူမြို့မှာ အားကစားမျိုးစုံပြိုင်ပွဲတွေအပြင်  နာမည်ကြီးအဆိုတော်တွေပါဝင်တဲ့ စင်တင်တေးဂီတဖျော်ဖြေပွဲတွေ စည်စည်ကားကားကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေတာ ဖြစ်ပါတယ်။

ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံးဘုရား စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေကို ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ  ရပ်တန့်ထားမယ်လို့လည်း ကျောက်ဖြူအုပ်ချုပ်ရေးတာဝန်ရှိသူက ပြောထားပါတယ်။

ကျောက်ဖြူမြို့ခံတဦးက "အဓိက ကတော သူတို့ပြုလုပ်တဲ့ပွဲ အထူးစည်ကားစေချင်တာပေါ့ဗျာ။ အစစ်အဆေးတွေရှိနေရင် နယ်ကလူတွေအလာနည်းမယ်။ အခုလိုအစစ်ဆေးတွေ ၂ ရက် ရပ်တန့်ပြီး  ရခိုင်လက်နက်ကိုင်အဖွဲ့တွေပါ လာရောက်နိုင်တယ်လို့ပြောတာပါ”လို့ ပြောပါတယ်။

ဇန်နဝါရီလ ၁ ရက်ကလည်း  ကျောက်ဖြူမြို့ မြို့မအားကစားကွင်းမှာ ရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲကို ဘောလုံးကွင်းပတ်လည်မှာ စစ်ကောင်စီတပ်သားတွေက လုံခြုံရေးရယူထားပြီး ကျင်းပခဲ့ပါတယ်။

၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက်  စစ်တွေ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ အပါအဝင်  ရခိုင်ပြည်နယ်ရှိ တခြားမြို့နယ်တွေမှာလည်း အားကစားပြိုင်ပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။

1 month Ago
Up