စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ် ဆိုင်ယာကြီးကျေးရွာထဲကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် ကျည်စထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖဝါရီ ၂၃ ရက်နေ့ ညဦးပိုင်းလောက်က ကျေးရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အိမ်စောင့်ထားခဲ့တဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးခဲ့သူဟာ သာမန်အရပ်သားဖြစ်ပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမျိုးမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက ကောလင်းခရိုင်ထဲမှာ ထိုးစစ်ဆင်နေသလို ပင်လည်ဘူးမြို့နယ်အတွင်းမှာလည်း ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြူကုတ် (ပန်ဆိုင်း) မြို့မှာ အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ကြား၂၆ မိနစ်ကြာ တိုက်ပွဲမှာ အရပ်သားပြည်သူ ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက "ကိုးကန့် ၇ ယောက်ပဲ။ ၅ နာရီခွဲလောက် မနောကွင်း နားကနေ စစ်ကောင်စီတပ်ကို အနီးကပ် လာပစ်သွားတာ။ လာပစ်တော့ စစ်တပ်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ ရွာသစ်ဘက်ကို ကျည် လာကျတယ်" လို့ ပြောပါတယ်။
အသက် ၃၄ နှစ်အရွယ် ဆရာမ နန်ဘောက်ဆိုသူ ရင်ဘတ်မှာ လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့ကာ မူဆယ်ဆေးရုံကို ပို့ထားတယ်လို့ ဆိုပါတယ်။
အိမ်အောက် မြေအောက်ခန်းမှာ ပုန်းနေရာကနေ အပြင်ခဏထွက်ရာမှ သူတို့အိမ်အောက်နား ကျရောက် ပေါက်ကွဲသွားတဲ့ လက်နက်ကြီးစ လာထိမှန်တာလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၇ ရက်ကလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား တိုက်ပွဲကြောင့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦးနဲ့ လူငယ် အမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကာ နေအိမ်အချို့လည်း ထိခိုက် ပျက်စီးခဲ့ပါသေးတယ်။
စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်အတွင်း ဩဂုတ် ၄ ရက်ကနေ အောက်တိုဘာ ၂၃ ရက်အထိ လက်နက်ကြီးကျည် ထိမှန်သေဆုံး သူ အမျိုးသမီး ၅ ဦးနဲ့ ဒဏ်ရာရသူ အမျိုးသမီး ၁ ဦး ရှိပြီ ဖြစ်ပါတယ်။