မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုင်မကျေးရွာကို ဧပြီ ၆ ရက် ဒီနေ့မနက် ၆ နာရီမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ အသက် ၄၀ ကျော် အမျိုးသမီး ဦးခေါင်းကျည်စထိမှန် ဒဏ်ရာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ Well Two ရေနံမြေစခန်းကနေ လူချင်း တာဝန်အပြောင်းအလဲလုပ် ပြန်သွားပြီး ဝက်ပုတ်ကနေလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။
အိုင်မဒေသခံ ရွာသားတဦးက “သူတို့က အိုင်မရွာ အရှေ့မြောက်ဘက်က ရွှေကုန်းဘုန်းကြီးကျောင်းကို အရင်ဝင်ပြီး ဒီနေ့မနက် တပ်ဆွဲတယ်ပေါ့။ အဲလိုတပ်ဆွဲလာတာကို ပြည်သူတွေကသိတော့ ရွာထဲကနေ အကုန်ထွက်ပြေးကြတယ်။ အဲလိုပြေးနေတာကို အနောက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အခုလို ကျည်စစင်ပြီး ဦးခေါင်းကို ထိမှန်ခဲ့ရတာဗျ။ အသက်က ၄၀ ကျော်၊ ဒေါ်စန်းရှိန်ပါဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ အိုင်မရွာဟာ အိမ်ခြေ ၄၅၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို အခုလို စစ်ကောင်စီတပ် ဝင်ရောက်လာလို့ အိုင်မအပါအဝင် အနီးအနား ကျေးရွာ ၄ ရွာက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အိုင်မ ပြည်သူ့ကာကွယ်ရေး ဘာမထီအဖွဲ့ခေါင်းဆောင် ဗိုလ်ဂျမ်းတောက “တိုက်ပွဲကတော့ ကျနော်တို့နဲ့ မြေပြင်မှာ မဖြစ်သေးဘဲနဲ့ကို အခုလိုပစ်တာ။ ခြောက်လန့် ထုသလိုထုလို့ တဦးတည်းထိသွားတာလို့ပဲ ယူဆရမယ်။ ဒဏ်ရာရတဲ့သူကိုတော့ ကျနော်တို့ ကာကွယ်ရေးအဖွဲ့အနေနဲ့ ဆေးကုသမှု ပေးနေပါပြီဗျ။ ဒဏ်ရာက ဦးခေါင်းမှာ ရထားတယ်။ အသက်အန္တရာယ်ကတော့ လက်ရှိအချိန်မှာ စောင့်ကြည့်အနေအထားဖြစ်နေတယ်”လို့ ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ကို ဧပြီ ၅ ရက် မနက် ၆ နာရီလောက်က မြိုင်မြို့နယ်၊ ကျွဲတွင်းရွာနဲ့ ဝါးရင်းချိုင်ရွာအကြားမှာ ဒေသခံကာကွယ်ရေးတပ်တွေက မိုင်း ၅ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး၊ စစ်သား ၁ ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ပြီး ရဲ ၂ ဦး၊ ပျူစောထီး ၂ ဦး စုစုပေါင်း ၄ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုအရှေ့ခြမ်းက အနောက်ခြမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ကားတစီး လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် ကားပေါ်ပါလာသူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံပြည်တွေဟာ မတ် ၁၀ ရက်နေ့ကတည်းက ထပ်ဆင့် တိမ်းရှောင်နေကြရတာဖြစ်ပြီး ဒီကနေ့အချိန်အထိလည်း တိုက်ပွဲကြားနဲ့ စစ်ကြောင်းတွေအကြား တချို့ ပိတ်မိနေပါတယ်။
မနေ့ကတော့ အဲဒီအရှေ့ဘက်ခြမ်းကနေ အနောက်ခြမ်းကိုလာတဲ့ စစ်ရှောင်ကားတစီး လာတဲ့လမ်းမှာတင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိခိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“လက်နက်ကြီးကျလာတော့ သူတို့ကားလမ်းပေါ်လာရင်း ကျထိတဲ့သဘောမျိုးပေါ့နော်။ စစ်ရှောင်ကားပဲ။ ဟိုဘက်အရှေ့ဘက်ကနေ အနောက်ဘက်ကိုလာရင်း အဲလိုဖြစ်သွားတာပေါ့နော်။ အဲဒီမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထိသွားတယ်ပေါ့နော်။”
ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့က ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကနေ ထပ်ဆင့် တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်အများစုဟာလည်း ဒီကနေ့အထိ နေရာထိုင်ခင်း အတည်တကျမရှိသေးတဲ့ အခြေအနေရှိနေပါတယ်။
“ဒီနေ့တချို့တွေကို ကျနော်တို့ နေရာပြန်ချပေးတယ်။ တချို့သွားချင်တဲ့ နေရာတွေကိုလည်း ကျနော်တို့ ပို့ပေးနေတယ်” လို့ စစ်ရှောင်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်တွေဟာ ဒီနေ့အထိလည်း အဆက်မပြတ် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး ဘေးကင်းရာလို့ ယူဆရတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ထိုးစစ်နဲ့အတူ ရင်ဆိုင်တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှဖြစ်ပွားနေပြီး မနေ့ကလည်း ဒီးမော့ဆို အရှေ့ခြမ်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပျက်စီးဆုံးရှုံးမှုတချို့ရှိခဲ့တယ်လို့ ဒေသက ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။်
ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံအပါအဝင် ထပ်ဆင့်စစ်ရှောင်တွေဟာ နှစ်သောင်းကျော်အထိ ရှိနေပြီး လက်ရှိမှာတော့ ကရင်နီပြည်မှာ စစ်ရှောင်ရသူ ၂ သိန်းကျော်ရှိနေပြီလို့ ကရင်နီလူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။