close

လက်နက်ကြီးကျည်

close

March 6, 2023

ခင်ဦးမြို့နယ်အတွင်း ကလေး ၁ ဦး လက်နက်ကြီးကျည်ဖူး ဆော့ကစားရာက ပေါက်ကွဲ သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာမှာ မတ် ၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ ၇၉ လက်နက်ကြီးကျည် ပေါက်ကွဲပြီး ကလေးငယ်တယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၂ နှစ်အရွယ် ကလေးငယ်ဟာ  နွားကျောင်းရင်း တောတွင်းတနေရာမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ ၇၉ ကျည်ကို ကောက်ယူခဲ့ပြီး နေအိမ်တအိမ်အနီး အုတ်ကန်ပေါ် ဆော့ကစားရင်း လွတ်ကျပေါက်ကွဲခဲ့တဲ့အတွက် ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ အလယ်ရှို ရွာသားတဦးက ပြောပါတယ်။

ဇန်နဝါရီက ကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ချိန်မှာ ပစ်ခတ်ပြီး မပေါက်ကွဲဘဲ ကျန်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရွာသားက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဧပြီကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မပေါက်ကွဲဘဲ ကျန်နေတဲ့ ၆၀ မမ ထိပ်ဖူးကို ကလေးသူငယ်တွေက နေအိမ်ကိုယူဆောင်ပြီး ဆော့ကစားရာက ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၆၀ အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့သလို ကလေးငယ် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

2 mins Ago

December 30, 2022

ဖားကန့်မြို့နယ်၌ မူကြိုကျောင်းအနီး လက်နက်ကြီးကျပြီး ၆ ဦးထက်မနည်း ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာမှာ ဒီဇင်ဘာ ၃၀ ရက်က စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည် မူကြိုကျောင်းအနီးကျရောက်လို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မဇွပ်ယန်အချုပ်ထောင်နားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ နေ့လယ် ၂ နာရီ မိနစ် ၂၀ လောက်မှာ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာထဲကို ၂ လုံးကျပြီး ရွာစပ်ကို ၁ လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

 ဒေသခံတစ်ဦးက “အားလုံးဒဏ်ရာရတာတော့ လက်ရှိ ၆ ဦး နောက်ထပ်ရှိနိုင်သေးတယ်။ ခုတော့ ဖားကန့်ဆေးရုံ ပို့လိုက်တယ်။ ရွာထဲ ၁ လုံး ဘုရားရှိခိုးကျောင်း ၁ လုံးနဲ့ မှော်ပုံရွာနောက်ဘက် ၁ လုံးကျတာ''လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီး ကျည်ပေါက်ကွဲမှုကြောင့် ရွာထဲကနေအိမ်မှာ အသက် ၂၈ အရွယ် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိပြီး ဆန်ခါကျေးရွာ RC ရိုမင်ကက်သလစ်ဘုရားကျောင်းဝင်း မူကြို ကလေးထိန်းကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲချိန်မှာ ကလေးငယ်တွေအပါအဝင် ၅ ဦးဒဏ်ရာတွေ ရရှိခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်စွဲရာ အချုပ်ထောင်အနီးကို ဒီဇင်ဘာလ ၂၃ ရက်က ဒေသခံကာကွယ် ရေးတပ်တွေက လာရောက်ပစ်ခတ်တိုက်ခိုက်တာ ရှိခဲ့ပါတယ်။

2 months Ago
Up