close

လက်နက်ကြီးထိမှန်

close

April 26, 2023

မုပ္ပလင်၊ သံဖြူဇရပ်နှင့် ထားဝယ်တွင် စစ်ကောင်စီတပ်များတိုက်ခိုက်ခံရ၊ ပုလောမြို့နယ်၌ အမျိုးသမီး ၁ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ   စစ်ကောင်စီတပ်ရဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဧပြီ ၂၅ ရက် ညနေ ၅ နာရီ ၁၀ မိနစ်လောက်မှာ တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးနဲ့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “တော်လှန်ရေးအင်အားစုက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပါတယ်။ မျှော်စင်အနီးနဲ့ သင်္ချိုင်းကုန်းအနားမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်တပ်က ကင်းသမားတွေ ထိခိုက်ဒဏ်ရာရပါတယ်။ ကျိုက်ထိုဆေးရုံဘက်ကို အရေးပေါ်အခြေအနေ ပို့ဆောင်ရသလို ပွဲချင်းပြီး သေဆုံးခဲ့တာ တယောက်ရှိတယ်” လို့ ပြောပါတယ်။

မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မုပ္ပလင်လမ်းဆုံ မုပ္ပလင်ရဲစခန်း  သင်္ချိုင်းကုန်း ရွှေစေတီငွေစေတီပေါ်မှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ  ၃ ယောက် ထိခိုက်သေဆုံးခဲ့ပြီး မုပ္ပလင်မှ ဒေသခံ ဒေါ်ရီသန်း နေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ကာ မီးလောင်ခဲ့ပြီး ကိုနိုင်နိုင် ဆိုသူရဲ့ ကွမ်းခြံပါ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အခုဖြစ်စဥ်ကို စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ထားသလို ကျိုက်ထို တော်လှန်ရေးအင်အားစုဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာလည်း ဧပြီ ၂၃ ရက် ညနေ ၃ နာရီက    စစ်ကောင်စီအင်အား ၆၀ လောက်ပါတဲ့ ကား ၃ စီးဟာ ဝဲခမိကျေးရွာ အနီးသို့ လမ်းကင်းချပြီးအပြန် လိန်ပဒေါရွာနဲ့ ကုန်းမြင့်သာယာရွာကြားရှိ တောင်ညို ပြည်သူ့ပြောက်ကျားတပ်က ချုံခို ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ တောင်ညိုပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီ တပ်ဖွဲ့ဝင်  ၄ ဦး သေဆုံး ၄  ဦး ဒဏ်ရာရခဲ့ပြီး ကား တစီးပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ရေး သံဖြူဇရပ်ကားလမ်းမှာ တိုက်ပွဲပစ်ခတ်သံကြားပြီးနောက် ခရီးသွားကားတွေ ပုံမှန်မသွားရဲကြဘဲ  ကားတွေ ပိတ်မိနေလို့  ညနေမိုးချုပ်လောက်မှ ပုံမှန်သွားလာလို့ ရတယ်လို့ ဒေသခံခရီးသွားကားသမားတွေက ပြောပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ်တွေဟာ မ​ကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီဘက်က အထိနာကျဆုံးမှုတွေရှိတယ်လို့ ပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရပါဘူး။

စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေဟာ အများဆုံးရေးမြို့မြောက်ပိုင်း ကရင်ကျေးရွာတွေဖြစ်တဲ့ ကနင်ကမော့၊ ဘေးလမိုင်း၊ နှင်းစုံ၊ ဘေးလမု စတဲ့ရွာတွေမှာကျရောက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်မဦတော့  ပုလောမြို့နယ်ထဲရှိ ကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဧပြီ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်းကနေ ဂျင့်ဂါကျေးရွာနဲ့ မှော်မိကျေးရွာထဲကို တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်စထိမှန်တဲ့ အမျိုးသမီးဟာ အသက် ၁၈ နှစ်အရွယ်ဖြစ်ပြီး ဂျင့်ကာကျေးရွာမှာ နေထိုင်သူဖြစ်ကာ လည်ပင်းကို ကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဂျင့်ဂါကျေးရွာနဲ့ မှော်မိကျေးရွာမှာရှိတဲ့ ဒေသခံနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ခံရတိုင်း ပုလောမြို့အနီးနားဝန်းကျင်ရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ရေဖြူမြို့နယ် နဲ့ ထားဝယ်မြို့နယ်အစပ်မှာ စစ်ကောင်စီတပ်က ဖွင့်လှစ်ထားတဲ့ ဘုရားမည်း စစ်ဆေးရေးဂိတ်ကို ဧပြီလအတွင်း နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေက သတင်းထုတ်ပြန်ပါတယ်။ 

ဧပြီ ၂၃ ရက် မနက်အစောပိုင်း ၅ နာရီကနေ ၇ နာရီအထိ မဟာမိတ်ပူးပေါင်းဖွဲ့တွေက ဘုရားမည် စစ်ကောင်စီဂိတ်ကို သွားရောက် တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်က ၁၅ ဦး သေဆုံးခဲ့ပြီး မဟာမိတ်တပ်ကလည်း ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ 

ဘုရားမည်းဂိတ် တိုက်ခိုက်ခံရပြီးနောက် ဇဟာအခြေစိုက် စစ်ကောင်စီအမြှောက်တပ်က လက်နက်ကြီး ခြောက်လှန့်ပစ်ခတ်ခဲ့ရာမှာ ဥယျာဉ်ခြံတခုအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲကာ အရပ်သား အမျိုးသမီးကြီး တဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်ကြောင့် ရေး-ထားဝယ်ကားလမ်းပိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှု ၄ နာရီနီးပါး ဖြစ်ခဲ့ တယ်လို့ လမ်းပိုင်းအသုံးပြုတဲ့ယာဉ်မောင်းတွေက ပြောပါတယ်။

ဘုရားမည်းဂိတ်ကို ဖြတ်လာတဲ့ရေဖြူမြို့နယ်က ခရီးသည်တင်ယာဉ်မောင်းတဦးက "မနေ့ကတော့ တိုက်ပွဲနဲ့လမ်းပိတ်တာတော့ရှိတယ်။ ဒီနေ့တော့ ဘုရားမည်းဂိတ်မှာ အစစ် အဆေး မရှိဘူး"လို့ ပြောပါတယ်။

ဧပြီ ၉ ရက်ကလည်း ဘုရားမည်းဂိတ်ကို  စော်ဖျားတပ်စခန်းနဲ့ ပကာရီရဲကင်း တို့နဲ့အတူ တပြိုင်တည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက  ဝင်ရောက်တိုက်ခိုက်ခဲ့တယ် လို့ အမှတ် ၃ စစ်ဒေသခွဲ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဘုရားမည်းစစ်ကောင်စီဂိတ်ဟာ ယာယီတပ်စခန်းပုံစံဖြင့် တပ်ထိုင်ထားပြီး ထားဝယ်မြို့နယ် အတွင်း ဝင်ထွက်တဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးလေ့ရှိကာ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်တွေရဲ့ မကြာခဏတိုက်ခိုက်ခြင်းခံနေရတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းတခု ဖြစ်ပါတယ်။

12 hours Ago

March 2, 2023

လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် ကရင်နီစစ်ရှောင်အမျိုးသမီး ၁ ဦး အပါအဝင် ကျဆုံးပြည်သူ ၃,၀၇၃ ဦး ထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၀၇၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၉၅၄ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၀၉၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၄,၇၁၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို ဘောလခဲ​မြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။ ဒဏ်ရာရရှိခဲ့သူ ၂ ယောက်ထဲက အမျိုးသားတယောက်ကတော့ ဆေးခန်းဆီ ပို့ဆောင်နေချိန် လမ်းခုလတ်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၇ ရက် တရက်တည်းမှာပဲ ည ၈ နာရီဝန်းကျင်က အကြမ်းဖက်စစ်အုပ်စု တပ်ရင်း ခလရ ၁၀၂ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ၆ ကြိမ်ပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်ဟာ စစ်ဘေးရှောင်တွေနေထိုင်ရာ နေအိမ်ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက် နေရာတင် သေဆုံးခဲ့ပြီး သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ တခြားအမျိုးသမီးတယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

2 months Ago
Up