တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဝက်တိုးရွာထဲကို စစ်ကောင်စီတပ်က ဧပြီ ၆ ရက် မနက် ၁၀ နာရီလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ကလေး ၃ ဦး အပါအဝင် ဒေသခံ ၈ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “၄ ရက်နေ့ ညနေတုန်းက ပုလောကုန်းမှာ တိုက်ပွဲဖြစ်တယ်။ အဲ့အချိန်ကတည်းကနေ လက်နက်ကြီးတွေ တောက်လျှောက်ထုတာ တညလုံးနီးပါးပဲ။ မနက်တုန်းက စကစတပ်သားတွေက ဝက်တိုးရွာထဲကို လက်နက်ကြီးနဲ့ထုလို့ ရွာသားတွေ ထိတယ်။ ထိတဲ့ ကလေး ၃ ယောက်စလုံးကလည်း ၁၀ နှစ်အောက်တွေချည်းပဲ။ ၃ နှစ်အရွယ် တဦး၊ ၄ နှစ်အရွယ် တဦးနဲ့ ၆ နှစ်အရွယ် တဦး” လို့ ပြောပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ပုလောကုန်းမှာ တိုက်ပွဲဖြစ်တာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်။ ဝက်တိုးနဲ့ ပုလောကုန်းရွာက ၁ မိုင်ပဲဝေးတယ်။ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ ပုလော ၂၈၅ တပ်ရင်းကနေ လက်နက်ကြီးလေးလုံး သီးခြားထုတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၉ ရက်နဲ့ ဧပြီ ၁ ရက်နေ့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပုလောမြို့ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ပုလောတံတားထိပ်မှာရှိတဲ့ ကင်းစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့် အရာရှိတဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ရမ်းဖိုတံတားမှာ ဧပြီ ၄ ရက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ကော့သောင်း အဝေးပြေးကားလိုင်းကို ရက်အသန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြိတ်-ကော့သောင်း ကားလမ်းပိုင်းပေါ်မှာရှိတဲ့ ရမ်းဖိုတံတားမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဆိုပါ ရမ်းဖိုတံတား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က ကော့သောင်းအဝေးပြေးကားလိုင်းတွေကို ပိတ်ပင်လိုက်ပြီး ဘယ်ရက်ပြန်ဖွင့်မလဲ ဆိုတာတော့ မသိရသေးဘူးလို့ ခရီးသည်တဦးက ပြောပါတယ်။
“တံတား ဗုံးပေါက်လို့ဆိုပြီး ပိတ်လိုက်တာ၊ ခုတောင် ကော့သောင်းကနေ ပြန်မယ်လုပ်နေတာ။ ကားလိုင်းပိတ်တော့ ပြန်လို့မရ ဖြစ်နေတယ်၊ ဘယ်ရက်ပြန်ဖွင့်မလဲ မသိရဘူး။”
ဒ့ါအပြင် ဧပြီ ၅ ရက်က ကော့သောင်းကနေ ထွက်ခွာသွားတဲ့ ကုန်တင်ကားတွေနဲ့ ခရီးသည်ကားတွေကိုလည်း စစ်ကောင်စီက ဖြတ်သန်းခွင့်မပေးဘဲ လှည့်ပြန်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက်က မြိတ်-မောတောင်ကားလမ်းတလျှောက်မှာ စစ်ကောင်စီတပ်သားတွေ ပါလာတဲ့ ကားတချို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရသလို ဆွဲမိုင်းနဲ့လည်း စောင့်ကြိုတိုက်ခိုက်ခံခဲ့ရတာပါ။
ဒီ့နောက် တနင်္သာရီ-မောတောင် ကားလမ်းတလျှောက် တိုက်ပွဲပြင်းထန်နေတာကြောင့် ခရီးသွားလာမှု ပိတ်ပင်လိုက်တာလို့လည်း သိရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအနီး မတ် ၅ ရက် ညက တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “ရဲတပ်ရင်း ၃၀ စစ်တပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်က ဝိုင်းထားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပတ်လည်ကနေ ပစ်ခတ်တိုက်ခိုက်ကြတာ၊ အလစ်အငိုက် တိုက်ခိုက်ခံရတာ၊ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပြီး ရမ်းသန်းပြန်ပစ်တာ၊ အသက် ၁၁ နှစ်အရွယ် မမိုးပွင့်ဖြူနဲ့ အသက် ၄၇ နှစ်အရွယ် မိခင်ဖြစ်သူ မခင်မတို့ ထိခိုက်ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လူနေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့ပြီး ၁ နာရီကျော်ကြာ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ထိန်းချုပ်နယ်မြေမှာ မိုင်းရှင်းလင်းရေးပြုလုပ်စဉ် မိုင်းပေါက်ကွဲလို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ကွန်မန်ဒိုတပ်ခွဲမှ ရဲဘော် ၁ ဦး ညာခြေထောက် ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ KRU က ထုတ်ပြန်ပါတယ်။
မတ် ၅ ရက်၊ မနက် ၅ နာရီလောက်က KRU ကွန်မန်ဒိုတပ်ခွဲမှ ရဲဘော်တွေက ကုန်းသာကျေးရွာအတွင်း မိုင်းရှင်းလင်းရေးပြုလုပ်နေစဥ် မိုင်းပေါက်ကွဲမှုဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ကွန်မန်ဒိုရဲဘော် ၁ ဦး ညာခြေထောက် ထိခိုက်ဒဏ်ရာရကာ ခြေထောက်ဆုံးရှုံးနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ KRU တာဝန်ရှိသူထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမပတ်ကလည်း ဒီးမောဆိုမြို့ ကုန်းသာကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေ ထိန်းထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူပြီး နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေးတွေ ပြုလုပ်စဉ် စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး KRU ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။