ကိုလံဘီယာအာဏာပိုင်တွေဟာ ရာဇ၀တ်အဖွဲ့အစည်းတွေနဲ့ ကြုံတွေ့နေကျ ရာဇ၀တ်မှုတွေကို စစ်ဆင်ရေး လုပ်ရာမှာ သိမ်းဆည်းရမိထားတဲ့ လက်နက်ပေါင်း ၂၉,၀၀၀ နီးပါးကို အရည်ကျို လိုက် ကြောင်း ကိုလံဘီယာ လက်နက်ကိုင်တပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ သေနတ်တွေ၊ ခြောက်လုံးပြူးတွေ၊ ရိုင်ဖယ်တွေ၊ ကာဘိုင် တွေ၊ စက်သေနတ်တွေ၊ ဆဘ် မရှင်းဂန်း စက်သေနတ်တွေ၊ မော်တာတွေနဲ့ ဒုံးပစ်လောင်ချာတွေ လည်း ပါဝင်ပါတယ်။
“ကိုလံဘီယာမှာ လုံခြုံရေး အားကောင်းစေဖို့ တရားမ၀င် ကိုင်ဆောင်သူတွေရဲ့ လက်ထဲကနေ သိမ်းဆည်းထားတဲ့ လက်နက်ပေါင်း ၂၈, ၉၉၁ လက်ကို ဖျက်ဆီးပစ်ဖို့ ဘိုယာကာပြည်နယ်၊ တုတာ မြို့ရှိ ဂဲရ်ဒို ဒီယာကို စက်ရုံမှာ အရည်ကျိုနေတာ”လို့ ကိုလံဘီယာစစ်တပ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်များ အကြီးအကဲ ဟိုဆေးဟွာကင် နာမက်ဇ်ကီတာ ဂါစီယာက ပြောကြားခဲ့ပါတယ်။
လက်နက်တချို့ကို ပြည်သူတွေအတွက် ဝင်ငွေနည်းအိမ်ရာတွေ ဆောက်လုပ်ရာမှာ အသုံးပြုတဲ့ တုတ်တိုင်တွေအဖြစ် ပြောင်းလဲသွားမယ်လို့လည်း ဆိုပါတယ်။
ကိုလံဘီယာနိုင်ငံကို ထိခိုက်အောင် လုပ်ခဲ့တဲ့ ပစ္စည်းတွေကို အကျိုးရှိရှိ ပြန်အသုံးချသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံကို ငြိမ်းချမ်းရေး ဆောင်ယူလာဖို့အတွက် ကိုလံဘီယာစစ်တပ်၊ အမျိုးသားရဲတပ်ဖွဲ့နဲ့ အစိုးရ ရှေ့နေရုံး အားလုံးနဲ့ လက်တွဲပြီး ဆက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ဂါစီယာက ပြောပါတယ်။