ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် စျေးအနီးက မြို့နယ် စည်ပင်ရုံးကို ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီ၀န်းကျင်က Yangon Underground Force အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီရဲ့ တရားမ၀င် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူရာမှာ ပါ၀င်ကူညီပေးနေတဲ့ ထောက်ကြန့်စည်ပင်ရုံးအတွင်းက စစ်ကောင်စီတွေ နေရာယူထားတဲ့ ဘန်ကာအနီးကို လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်တာတွေရှိတယ်လို့ Yangon Underground Force (YUF) ရဲ့ ဝာဝန်ခံ Leo က ပြောပါတယ်။
"အဓိက ကတော့ စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်နေလို့ပါ။ စည်ပင်ရုံးဝင်းအတွင်းမှာ စခတွေ အမြဲရှိတဲ့ ဘန်ကာတွေထဲကို ပစ်ထည့်ခဲ့တာပါ။ ဘန်ကာတွေလည်းပျက်စီးသွားတယ်။ စခတွေ ထိခိုက်မှုကိုတော့ သေချာ မသိသေးပါဘူး။ ကျနော်တို့ ရဲဘော်တွေတော့ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိနေပါပြီ" လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုတိုက်ခိုက်မှုက YUF အဖွဲ့အနေနဲ့ ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံးမစ်ရှင်ဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေ မှန်သမျှကို ဖြိုချသွားမှာဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီစနစ်တခုလုံး ပြိုကျတော့မယ်လို့ ပြောပါတယ်။
တာဝန်ခံ Leo က "ဒီတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် အနိုင်အရှုံးကလည်း ပြည်သူတွေအပေါ်မှာမူတည်ပါတယ်ဗျ။ ပြည်သူတွေရဲ့ အကူအညီကြောင့် ကျနော်တို့တော်လှန်ရေးမီးတောက်ကြီးဟာအခုဆို အရှိန်အဟုန်ကောင်း ကောင်းနဲ့ စကစကို လောင်မြိုက်နေပါပြီ။ စကစ စနစ်တခုလုံး ပြာဖြစ်သွားဖို့ အချိန်သိပ်မကြာတော့ပါဘူး" လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ဆက်လက်တောင့်ခံပြီး ကူညီပေးကြဖို့နဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့လက်အောက်ခံအဖွဲ့တွေနဲ့ အဝေးမှာနေကြဖို့ကိုလည်း တိုက်တွန်း မေတ္တာ ရပ်ခံထားပါသေးတယ်။
ရန်ကုန် UG အဖွဲ့တွေအနေနဲ့ကလည်း စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲအတွက် ဘယ်နေရာကမဆို ပါဝင်နေသူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့လည်း အဖွဲ့အသီးသီးက ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ရေပူကျေးရွာ မြန်မာထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားအောက်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ကို ဧပြီ ၂ ရက်နေ့ ည ၇ နာရီကျော်မှာ အမည်မသိလူနှစ်ဦးက မော်တော်ဆိုင်ကယ်နဲ့လာပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်သွားတာကြောင့် ရဲ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်သား မင်းဇော်ဦးမှာ ယာလက်ဖျံ ဗုံးစထိမှန်သွားပြီး ကရင်ပြည်နယ် မြဝတီခရိုင် သင်္ဃန်းညီနောင်စစ်ဆေးရုံမှာ အတွင်းလူနာ (မစိုးရိမ်ရ) ကုသခံယူနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းနောက်ပိုင်း ရဲတပ်ဖွဲ့က ပထမဆုံး တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။
မြဝတီမြို့မှာ မကြာခဏ သေနတ်နဲ့ ဗုံးသံတွေကြောင့် ပြည်သူတွေ တိုက်ပွဲဖြစ်မှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။