မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း (၂၁×၂၂) လမ်းကြားရှိ အောင်မြေသာစံမြို့နယ် သမဝါယမဦးစီးဌာနရှေ့ရှိ ကားတစီးပေါ်မှာ မေ ၁၀ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
မနက် ၁၁ နာရီခွဲလောက်က သမဝါယမရုံးရှေ့ ရပ်ထားတဲ့ အဖြူရောင် ဆူဇူကီး ဟိုက်ဂျက်ကား နောက်ခန်းကို ဆိုင်ကယ်တစီးပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာပါ။
မန္တလေးမြို့ခံတဦးက “၈၆ လမ်း သမဝါယမရုံးအရှေ့နားမှာ ဖြစ်တာ၊ ဦးစီးမှူးကားပေါ် ပေါက်ကွဲတာလို့ ပြောတယ်။ မြင်ရသလောက်တော့ ဗုံးစံတွေက ကားနောက်ဘီးနဲ့ အကာတော့ ထိထားတယ်။ ၁၁ နာရီခွဲ ကျော်ကျော်ကလေးပဲ၊ လမ်းတော့ ခဏပိတ်ထားကြတယ်” လို့ ပြောပါတယ်။
လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ကားညာဘက်ခြမ်း၊ နောက်ဘီးတာယာနဲ့ လေကာမှန် ထိမှန်ပျက်စီးသွားပြီး အဆိုပါကားဟာ သမဝါယမဦးစီးမှူးရဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဆူဇူကီးကားပေါ်ကို အမျိုးသား ၂ ဦးက တရုတ်ကြိုးဆွဲလက်ပစ်ဗုံးနဲ့ လာရောက်ပစ်ပေါက်တာလို့ ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးချိန် အောင်မြေသာစံရဲစခန်းက လာရောက်စစ်ဆေးသွားတယ်လို့ သိရပြီး လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။
ရခိုင်ပြည်၊ မောင်တောမြို့နယ် မောင်တော-အငူမော်လမ်းရှိ ကျောက်ပန္ဒူနယ်ခြားစောင့် ရဲကင်းစခန်းမှာ ဧပြီ ၁၁ရက် မွန်းလွဲ ၂ နာရီလောက်က တပ်ဖွဲ့ဝင်အချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး လက်ပစ်ဗုံး ပစ်ခွဲမှုကြောင့် ၁ ဦး သေဆုံးခဲ့ပြီး ဒုရဲအုပ် ၁ ဦး ခြေထောက်မှာ ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်း တာဝန်ရှိသူတွေဆီက သိရပါတယ်။
"အချင်းချင်း စကားများရန်ဖြစ်ကြတယ်။ ဒုတပ်ကြပ်က လက်ပစ်ဗုံးဖွင့်ပြီးခွဲလိုက်တာ။ တပ်သားတယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒုရဲအုပ်တဦးက အရေးပေါ်ခြေဖြတ်လိုက်ရတယ်" လို့ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ရဲဒုတပ်ကြပ်မြင့်ဇော်က လက်ပစ်ဗုံးနဲ့ ပစ်ခွဲခဲ့တာကြောင့် ရဲတပ်သားသောင်းဦးဝေ သေဆုံးသွားပြီး ဒု ရဲအုပ် သန်းမျိူးခိုင်က ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။
"သေဆုံးသူကိုတော့ ဒီနေ့ မောင်တောဆေးရုံကနေ မောင်တောသုဿန်ကို ပို့ဆောင်သင်္ဂြိုဟ် လိုက်တယ်။ ဒုရဲအုပ်က နခခ ၅ အင်းဒင်စခန်းမှာ ဆေးကုသခံယူနေတယ်။ လက်ပစ်ဗုံးပစ်ဖောက်သူကိုတော့ ပြင်ဖြူစခန်းမှာ ထိန်းသိမ်းထားတယ်" လို့ နယ်ခြားစောင့်စခန်း တာဝန်ရှိသူက ပြောပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညိုနယ်ခြားစောင့် စခန်းမှာ အချင်းချင်း ဖဲကစားရာမှ ခိုက်ရန်ဖြစ်ပြီး လက်ပစ်ဗုံးကို ဖဲဝိုင်းထည့် ပစ်ထည့်ခဲ့တာကြောင့် ဒုတပ်ကြပ် သက်ပိုင်ထွန်းနဲ့ ဒုတပ်ကြပ်လင်းလင်းတို့ သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရတယ်။