close

လက်ပံတန်းမြို့နယ်

close

December 21, 2021

လက်ပံတန်းမြို့နယ်တွင် လူငယ် ၁ ဦးကို စစ်တပ်က ပစ်သတ်၊ အလောင်းပြန်မပေး

ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ နှမ်းကုန်းကျေးရွာစစ်ဆေးရေးဂိတ်အနီးမှာ ဒီဇင်ဘာ ၁၉ ရက် နေ့ည ၁၀ နာရီဝန်းကျင်က ဆိုင်ကယ်စီးပြန်လာတဲ့ လူငယ် ၁ ဦး စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ကိုလည်း ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားဖြစ်သူ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ လူငယ်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ဆင်မနီအုပ်စု၊ မိုးဆယ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မောင်ဆန်းမင်း ဖြစ်တယ်လို့ သိရပါတယ်။

မောင်ဆန်းမင်းရဲ့ မိသားစုဝင်တဦးက “ကလေးက အလုပ်ကပြန်လာတာ ပိုက်ဆံရရမှာကို စောင့်နေရင်းနဲ့ နောက်ကျသွားတာ။ ကလေးရဲ့ အလောင်းလည်း အခုထိပြန်မပေးသေးဘူး။ ကလေးနဲ့အတူပါလာတဲ့ ပိုက်ဆံ ၇ သိန်းကျော်နဲ့ ဆိုင်ကယ်ရယ်လည်း သိမ်းသွားတယ်။ ပြန်မပေးသေးဘူး။ ကလေးက အဖြစ်ဆိုးလိုက်တာ” လို့ ပြောပါတယ်။

မိုးညိုမြို့နယ်၊ နှမ်းကုန်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းတွေနဲ့ ပျူစောထီးအဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်ခံရတာကြောင့် မောင်ဆန်းမင်းဟာ နောက်ကျောထိမှန် ထုတ်ချင်းဖောက်ထွက်ဒဏ်ရာရရှိကာ သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သေဆုံးသူ မောင်ဆန်းမင်းရဲ့ဆိုင်ကယ်နဲ့အတူ ရှေ့နောက်မောင်းနှင်လာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး တို့ ဆိုင်ကယ်လည်း ပစ်ခတ်ခံရလို့ ဆိုင်ကယ် မောင်းနှင်သူ အမျိုးသား ပေါင်ကို ကျည်ဆန်ထိမှန်ပြီး ဆိုင်ကယ်လည်းပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သေသွားတဲ့ကောင်လေးရယ်။ ဆိုင်ကယ်အတူစီးလာတဲ့ ၂ ယောက်ရယ်။ ဆိုင်ကယ် ၂ စီးရယ်ကို စစ်ကောင်စီတပ်သားတွေက ကားနဲ့တင်သွားတယ်။”

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွိဘီက လက်ပံတန်းမြို့နယ်နဲ့ မိုးညိုမြို့နယ်တို့က မြို့မရဲစခန်းတွေဆီကို အကြိမ်ကြိမ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပေါင်မှာ သေနတ်ထိမှန်တဲ့ အမျိုးသားနဲ့ အမျိုးသမီးကိုတော့ ဒီဇင်ဘာ ၂၀ ရက်နေ့မနက်က စစ်ကောင်စီတပ်တွေက ပြန်လွှတ်ပေးလိုက်ပြီး ဆေးကုသမှုခံယူနေရကာ အမျိုးသားဖြစ်သူ ခြေထောက်ဖြတ်ရမယ့်အဆင့်အထိ ဖြစ်နေတယ်လို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

12 hours Ago

December 29, 2020

လက်ပံတန်းမြို့နယ်၌ ၃ လောင်းပြိုင် လူသတ်မှုကျူးလွန်သူကို အစ်ကိုဖြစ်သူက ရဲလက်အပ်နှံ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စုမှာ  လူ သုံးယောက်ကို ဓားနဲ့ထိုးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့  အမျိုးသား တစ်ဦးကို ရဲက အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ လက်ပံတန်း ရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။ မှော်အင်းကျေးရွာအုပ်စုအပိုင် သဲကောဆည်အစွန်ရှိ ဘိုင်ဘင်ချောင်းဖျားမှာ ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက ဒေါသအလျောက် လူ ၃ ယောက်ကို ကိုင်းခုတ်ဓား၊ ဓားခုတ်ချွန်းတို့နဲ့ ထိုးခုတ်သတ်ခဲ့တဲ့ အမျိုးသားတစ်ယောက်ကို သူ့ရဲ့အစ်ကိုအရင်းဖြစ်သူက ဖျောင်းဖျ ထိန်းသိမ်းထားကာ ရဲထံအကြောင်းကြားပြီး အဖမ်းခံစေခဲ့တာဖြစ်ပါတယ်။ နယ်ထိန်းအရာရှိ ဒုရဲအုပ်ရာဇာမျိုးဦးက "ကျနော်တို့ဆီကို နေ့လယ်ပိုင်းလောက်မှာ ကိုမောင်မောင် ဆိုတဲ့လူက အကြောင်းကြားတယ်။ ​ဘိုင်ဘင်ချောင်းဖျားမှာ လူ ၃ ဦး အသတ်ခံထား ရတယ် ဆိုတော့ ကျနော်တို့သွားတဲ့အခါ အကြောင်းကြားတာက အစ်ကိုအရင်းဖြစ်ပြီး၊  သတ်တာက ညီအရင်းဖြစ်နေတယ်၊ သူတို့ ညီအစ်ကိုတွေက အဲ့ဒီနေရာမှာ ခြံလုပ်ငန်းစိုက်ပျိုးကြတာ၊ စိုက်ပျိုးထားတဲ့ ခြံထဲကနေ ကျွဲစွပ်လှည်းတွေက ဖြတ်သွားနေကြလို့ ခြံကို ကာရံလိုက်တဲ့အခါ အသတ်ခံရတဲ့လူ ၃ ယောက်က မနက်ပိုင်းမှာ ခြံကိုကာရံလို့ဆိုပြီး လာရောက်ရမ်းကားကြတယ်။ ပြီးတော့  ပိတ်ထားတဲ့ အကာအရံတွေကို ဖျက်ပြီး ဝင်ရောက်ကြလို့ စကားများရန်ဖြစ်ကြတာကနေ သတ်လိုက်တာလို့ သိရတယ်" လို့ ပြောပါတယ်။ သေဆုံးသူတွေကတော့ မှော်အင်းကျေးရွာမှ အသက် (၅၇)နှစ် နဲ့ (၆၁)နှစ် ရှိတဲ့ ညီအစ်ကို နှစ်ယောက်နဲ့ သဲကောမင်းစုကျေးရွာမှ အသက် (၃၆) နှစ် ရှိ အမျိုးသား တစ်ဦးတို့ဖြစ်ပြီး၊ ဘိုင်ဘင်ချောင်းဖျားမှာ မီးသွေးဖုတ်တဲ့ လုပ်ငန်း လုပ်နေသူတွေလို့ ဒေသခံများထံမှ သိရပါတယ်။ လူ ၃ ဦးကို အသတ်သေတဲ့အထိ ကိုင်းခုတ်ဓားနဲ့ခုတ်၊ ဓားခုတ်ချွန်းနဲ့ထိုးပြီး သတ်ခဲ့တဲ့ ကျူးလွန်သူ ဝင်းခိုင်၊  အသက် (၃၅)နှစ်ကို လက်ပံတန်းရဲစခန်းမှာ (ပ)၇၆၂/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ကာ လက်ပံတန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမင်းညိုက အရေးယူဖို့ စစ်ဆေးနေပါတယ်။ သတင်း - ဝဏ္ဏထွန်း
12 months Ago
Up