close

လက်ပြန်ကြိုးတုပ်

close

April 19, 2022

နှမ်းခါးကျေးရွာက ၆၇ နှစ်အရွယ် ဒေသခံတဦး လက်ပြန်ကြိုးတုပ်သတ်ဖြတ်ခံရ

မကွေးတိုင်း  ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ကား ၆ စီး၊ အင်အား ၁၅၀ လောက် ဝင်ရောက်ခဲ့ပြီး ၆၇ နှစ်အရွယ် အမျိုးသားတဦးအား သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ကျေးရွာက အသက် ၆၇ နှစ်အရွယ် ဦးစန်းဝင်းကို လက်ပြန်ကြိုးတုပ်ပြီး လူမဆန်စွာသတ်ဖြတ်သွားကာ ပြည်သူပိုင် ဆီပိဿာ ၈၀၀ လောက်၊ မြေပဲတင်း ၅၀၊ နေကြာတင်း ၁၀၀ ကျော်၊ ဆန်နဲ့ အခြားတန်ဖိုးကြီး ပစ္စည်းတွေကို အတင်းအဓမ္မ သယ်ဆောင်သွားကြတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ရွာဘက်ကို စစ်ကြောင်းထိုးလာပြီကြားလို့ ပြေးကြရတယ်။ အသက်အရွယ်ကြီးတဲ့ လူကြီးတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေက မပြေးနိုင်လို့ မပြေးကြရဘူး။ အဘိုး ဦးစန်းဝင်းဆို အသက် ၆၀ ကျော်နေပြီ၊ ဘာအပြစ်မှမရှိတဲ့ အဖိုးအိုတယောက်ကို သူတို့က လူမဆန်စွာသတ်ဖြတ်သွားတာ၊ ရွာထဲက ပစ္စည်းတွေကိုလည်း ကားတွေနဲ့သယ်သွားကြတာ။”

နှမ်းခါးကျေးရွာကာကွယ်ရေးတပ်ဖွဲ့က ကျေးရွာတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို အဆင်သင့်နေရာယူပြီး ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေပေမယ့် ဒေသခံပြည်သူ တောင်းဆိုမှုကြောင့် နောက်‌ဆုတ်ပေးခဲ့ရတယ်လို့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပါက စစ်ကောင်စီတပ်က ကျေးရွာနေ ပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့မှာ၊ ဖမ်းဆီးသတ်ဖြတ်မှာ စိုးရိမ်တာကြောင့် ဒေသခံတွေက တားမြစ်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေက နှမေးခါးကျေးရွာမှာ ‌ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး တကျော့ပြန် ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

5 mins Ago

April 2, 2022

ဘီးလင်းမြို့နယ်၌ ပြည်သူ ၅ ဦးကို စစ်တပ်က လက်ပြန်ကြိုးတုပ် ရိုက်နှက်ဖမ်းဆီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝင်းကြီးကျေးရွာရှိ အရပ်သားပြည်သူ ၅ ယောက်ကို စစ်တပ်က ရိုက်နှက် လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားတယ်လို့ ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဧပြီ ၁ ရက် နေ့လယ်ပိုင်းမှာ ချောင်းထဲ ငါးပက်နေတဲ့ ကရင်တိုင်းရင်းသား  အရပ်သားပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ် လှုပ်ရှား စစ်ကြောင်းက  စုံစမ်းမေးမြန်းစရာရှိတယ်ဆိုပြီး ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ဧပြီ ၂ ရက်ဒီကနေ့တော့  မိဘတွေနဲ့ ရပ်မိရပ်ဖတွေက သွားရောက် တွေ့ဆုံခဲ့ပြီး ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ရာမှာ စစ်ကောင်စီတပ်က တစ်ဦးကို ငွေကျပ် ၁၀ သိန်းနှုန်းပေးဖို့ တောင်းလာတယ်လို့ ပဒိုစောစိုးမြင့်က ပြောပါတယ်။

ရိုက်နှက်ဖမ်းဆီးခံရတဲ့သူတွေဟာ အဝင်းကြီးကျေးရွာက အရပ်သား စောသက်နိုင်ထွန်း ၊ စောထွေးလေး၊ စောဆန်းမင်း၊ စောသန်းငယ်နဲ့ စောလေဒိုးတို့ ကြဖြစ်ပါတယ်။

သူတို့ အားလုံးဟာ ကွမ်းခြံနဲ့ ကြုံရာကျပန်း လုပ်ကိုင်စားသောက်သူတွေ ဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က အကြောင်းမဲ့ ပစ်ခတ်တာကြောင့် သထုံမြို့နယ်က အသက် ၆ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးခဲ့တာပါ။

2 weeks Ago
Up