close

လက်မှတ်ထိုး

close

January 29, 2023

လစ်ဗျားနှင့် အီတလီ ဒေါ်လာ ၈ ဘီလီယံတန် ဓာတ်ငွေ့သဘောတူစာချုပ် လက်မှတ်ထိုးမည်

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီဟာ မြောက်အာဖရိကမှာရှိတဲ့ လစ်ဗျားနိုင်ငံမှာ မလုံခြုံတာတွေ၊ နိုင်ငံရေးမငြိမ်သက်တာတွေ ရှိနေပေမဲ့ ဥရောပဆီ စွမ်းအင်ထောက်ပံ့မှု တိုးမြှင့်ဖို့ ရည်ရွယ်ပြီး အမေရိကန် ဒေါ်လာ ၈ ဘီလီယံတန် ဓာတ်ငွေ့သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ ဇန်နဝါရီ ၂၈ ရက်က ထရီပိုလီမြို့ဆီ သွားခဲ့ပါတယ်။

မယ်လိုနီဟာ လစ်ဗျားဝန်ကြီးချုပ်နဲ့ နိုင်ငံတကာအသိအမှတ်ပြု အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ (GNU) အကြီးအကဲ အဗ်ဒူဟာမစ် အယ်လ် ဒက်ဘီးဘက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြေထဲပင်လယ်ကိုဖြတ်ပြီး ရွှေ့ပြောင်းနေထိုင်မှုတွေကို အာရုံစိုက်တဲ့ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတွေအတွက် လက်မှတ်ထိုးခဲ့ပါတယ်။ 

သဘောတူညီချက်ကို လက်မှတ်ရေးထိုးရာမှာ လစ်ဗျားအမျိုးသားရေနံကော်ပိုရေးရှင်း (NOC) အကြီးအကဲ ဖှာဟတ်ဘန်ဒါရာနဲ့  အီတလီနိုင်ငံက Eni အကြီးအကဲ ကလော့ဒီယို ဒက်စ်ကာဇီတို့က ဓာတ်ငွေ့ ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ရင်းနှီးမြုပ်နှံသွားမှာဖြစ်ပြီး နေရောင်ခြည်စွမ်းအင်နဲ့ ကာဗွန်စုပ်ယူမှုတို့မှာလည်း ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။

ဥရောပနိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲကြောင့် လွန်ခဲ့တဲ့ နှစ်အတွင်း မြောက်အာဖရိကနဲ့ တခြားနေရာ တွေက စွမ်းအင်အထောက်အပံ့တွေနဲ့ ရုရှားဓာတ်ငွေ့ကို အစားထိုးဖို့ ပိုကြိုးပမ်းလာခဲ့ကြပါတယ်။

အီတလီဟာ အယ်လ်ဂျီးရီးယားကနေ ဓာတ်ငွေ့တွေ ဝယ်ရာမှာ ဦးဆောင်နေပြီး နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Sonatrach ဟာ နှစ်တော်တော်ကြာအောင် ကျဆင်းနေတဲ့ အထွက်နှုန်းကို ပြန်မြှင့်တင်ဖို့ ရင်းနှီးမြှုပ်နှံမှု အပါအဝင် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုအသစ်ကို လုပ်ဆောင်နေပါပြီ။

၂၅ နှစ်ကြာ သဘာဝဓာတ်ငွေ့ သဘောတူညီချက်အရ တစ်ရက်ကို ကုဗပေ သန်း ၈၀၀ အထိ ထွက်ရှိနိုင်မှာ ဖြစ်ပြီး လစ်ဗျားရဲ့ စွမ်းအင်ကဏ္ဍမှာ အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှု အသစ်လို့ ဘန်ဒါရာက ပြောပါတယ်။

ဒါပေမဲ့ ထရီပိုလီမှာ ရခဲ့တဲ့ သဘောတူညီချက်တွေဟာ ပြိုင်ဖက်အုပ်စုတွေကြား နိုင်ငံရေး တရားဝင်မှုဆိုင်ရာတောင်းဆို ငြင်းခုံနေတဲ့ လစ်ဗျားပြည်တွင်းရေးပဋိပက္ခကြောင့် ပျက်ပြားသွားနိုင်တယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ် ထားပါတယ်။

4 mins Ago

July 23, 2022

ပင်လယ်နက်ဆိပ်ကမ်း ပြန်ဖွင့်ရန် ရုရှားနှင့် ယူကရိန်း လက်မှတ်ထိုး

ယူကရိန်းနယ်မြေထဲက ပင်လယ်နက်ဆိပ်ကမ်းတွေကို ပြန်ဖွင့်ဖို့ ရုရှားနဲ့ ယူကရိန်းတို့ ဇူလိုင် ၂၂ ရက်မှာ သဘောတူ လက်မှတ်ထိုးလိုက်ကြပါတယ်။ 

ဒါကြောင့် ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ကောက်ပဲသီးနှံ တင်ပို့ဖို့ လမ်းစပွင့်သွားပြီး ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ အကျိုးဆက်အဖြစ် ကမ္ဘာ့လုံး စားနပ်ရိက္ခာအကျပ် အတည်းဆိုက်မယ့် ဘေးကနေ ရှောင်လွှဲနိုင်မယ့် မျှော်လင့်ချက်တွေ ရှိလာပါတယ်။ 

ဒီသဘောတူညီချက်ကို ရရှိဖို့ ကုလသမဂ္ဂနဲ့ တူရကီတို့က ကြားဝင် ကြိုးစားနေခဲ့တာ ၂ လ ကြာခဲ့ပါတယ်။ 

အပြန်အလှန် ချိတ်ဆက်ထားတဲ့ သဘောတူညီချက်အရ ယူကရိန်းက ကောက်ပဲသီးနှံတွေ ပြန်တင်ပို့ခွင့်ရော၊ အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့တာကိုခံနေရတဲ့ ရုရှားက သီးနှံတွေနဲ့ ဓာတ်မြေသြဇာတွေ တင်ပို့ခွင့်မှာ ဖြေလျော့မှုတွေ ရရှိမှာ ဖြစ်ပါတယ်။ 

အခု သဘောတူညီချက်က ယူကရိန်းရဲ့ အဓိက ဆိပ်ကမ်းကြီး ၃ ခု ကနေ စားနပ်ရိက္ခာတွေကို သယ်ယူပို့ဆောင်ခွင့်ရမှာ ဖြစ်ပြီး လက်တွေ့ ဆောင်ရွက်တာကိုလည်း စောင့်ကြည့်ဖို့ ကုလသမဂ္ဂက စင်တာတခု ဖွင့်လှစ်သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုပါတယ်။ 

ရုရှားနဲ့ ယူကရိန်းတို့ဟာ ကမ္ဘာမှာ စားနပ်ရိက္ခာ အများဆုံး ထုတ်လုပ် တင်ပို့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ 

သဘောတူ လက်မှတ်ထိုးတဲ့အခမ်းအနားကို နှစ်နိုင်ငံစလုံးက ကာကွယ်ရေးနဲ့ အခြေခံ အဆောက်အအုံကဏ္ဍ ဝန်ကြီးတွေကို အစ္စတန်ဘူလ်ဆီ စေလွှတ်ခဲ့ပါတယ်။ 

ယူကရိန်းဆိပ်ကမ်းတွေကို ရုရှား တပ်တွေက ရေကြောင်း ပိတ်ဆို့ထားတာကြောင့် သီးနှံ တန် သန်းပေါင်းများစွာဟာ ဆိပ်ကမ်းမှာ သောင်တင်နေပြီး ကမ္ဘာ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်မှာကို စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

အခု သဘောတူညီချက်ကို လာမယ့် သီတင်းပတ်တွေအတွင်းမှာ အကောင်အထည်ဖော် သွားမယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

6 months Ago
Up