ကမ္ဘာကျော် ဂန္တဝင်ရော့ခ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Guns N' Roses အဖွဲ့ဟာ လာမယ့် နိုဝင်ဘာလထဲမှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ဖျော်ဖြေပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။
Welcome to the Jungle ၊ Sweet Child O'Mine ၊ Paradise City နဲ့ November Rain တို့လို နာမည်ကြီးသီချင်းတွေနဲ့ ကမ္ဘာအနှံ့က ပရိသတ်တွေကို ကိုင်လှုပ်နိုင်ခဲ့တဲ့ Guns N' Roses အဖွဲ့ရဲ့ ဒီဖျော်ဖြေပွဲကိုတော့ ဘန်ကောက်မြို့က SCG အားကစားရုံထဲမှာ လာမယ့် နိုဝင်ဘာ ၉ ရက်ည ၈ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး ပွဲလက်မှတ်တွေကိုတော့ ဈေးနှုန်းဘတ် ၄,၀၀၀ ကနေ ၇,၀၀၀ အထိ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဝယ်ယူလိုတဲ့ ပရိသတ်တွေအနေနဲ့ ဝက်ဘ်ဆိုက်စာမျက်နှာ http://www.ticketmelon.com ကတဆင့် ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ပွဲစီစဉ်သူ IMC Live Global က ထုတ်ပြန်ထားပါတယ်။
ထိုင်ခုံနဲ့ လက်မှတ်တွေ ဈေးနှုန်းတွေကတော့ ထိုင်းဘတ်ငွေ ၄၀၀၀၊ ၅,၀၀၀၊ ၆,၀၀၀ နဲ့ ၆,၅၀၀ စီအသီးသီး သတ်မှတ်ထားပြီး ရပ်ကြည့်ရမယ့် လက်မှတ်ဈေးနှုန်းတွေကိုတော့ ၅,၅၀၀ နဲ့ ၇,၀၀၀ စီ အသီးသီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Guns N' Roses အဖွဲ့ဝင်ပရိသတ်တွေအနေနဲ့ ကြိုတင်လက်မှတ်တွေကို ဇူလိုင် ၂၆ ရက် မနက် ၁၁ နာရီကနေ ည ၁၁ နာရီအတွင်း အဖွဲ့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဒ်ကတဆင့် အော်ဒါတင်ထားနိုင်မှာဖြစ်ကာ ပရိ သတ်အဖွဲ့ဝင်အသစ်တွေကတော့ နေ့လည် ၁၂ နာရီကနေ ည ၁၁ နာရီအထိ အော်ဒါတင်နိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် IMC Live Global အဖွဲ့ဝင်ပရိသတ်တွေကတော့ ကြိုတင်လက်မှတ်တွေကို လာမယ့် ဇူလိုင် ၂၇ ရက်မနက် ၁၁ နာရီက စတင်ဝယ်ယူနိုင်မှာဖြစ်ကာ အများပြည်သူပရိသတ်တွေကတော့ ဇူလိုင် ၂၈ ရက် မနက် ၁၁ နာရီမှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Guns N' Roses အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တုန်းက SCG အားကစားရုံမှာပဲ ပထအကြိမ်အဖြစ် ဖျော်ဖြေခဲ့ဖူးပြီး ခုတခါကတော့ အချိန် ၅ နှစ်အကြာ တကျော့ပြန် ဖျော်ဖြေပွဲ ဖြစ်တာမို့ ပရိသတ်တွေက စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ပရိသတ်တွေကတော့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကြိုဆိုကြောင်း ရေးသားမျှဝေမှုတွေ လုပ်ဆောင်နေကြပြီး တခြားနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ အမေရိကန်စတဲ့ နိုင်ငံတွေက ပရိသတ်တွေကလည်း သူတို့ဆီ လာရောက်ဖျော်ဖြေစေချင်ကြောင်း မှတ်ချက်တွေ ရေးသားနေကြပါတယ်။
အင်္ဂလန်ဘောလုံးအသင်းတချို့မှာ ကိုဗစ်-၁၉ ရောဂါပိုးပျံ့နှံ့မှုတွေရှိလာတာကြောင့် ပရိသတ်တွေ အနေနဲ့ ကိုဗစ်ဆေးထိုးပြီး လက်မှတ်နဲ့သာ ကွင်းထဲဝင်ခွင့်ပေးဖို့ရှိနေပါတယ်။
တော့တမ်ဟမ်ဟော့စပါးနဲ့ လက်စတာအသင်းတွေဟာ ကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေ များပြားနေပြီး သူတို့ရဲ့ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းရဖို့ရှိပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ပရီးမီးယားလိဂ်ကလပ်တွေဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ဆွေးနွေးညှိနိူင်းမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း အိုမီခရွန် ကိုဗစ်ပိုး ပျံ့နှံ့မှုကို ကွယ်ဖို့အတွက် Plan B ဆိုတဲ့ အစီအစဉ်ကို စတင်အကောင်အထည်ဖော်တော့မယ်လို့ သိရပါတယ်။
အဲဒီအစီအစဉ်အရ လူတစ်သောင်း အထက်ရှိမယ့် အားကစားပွဲစဉ်တွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပါရှိမှသာ ဝင် ရောက်ကြည့်ရူခွင့်ပေးမယ်လို့ သိရပါတယ်။
ဒီအစီအစဉ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဆေးထိုးပြီးလက်မှတ်ပါရှိမှသာ ကွင်းထဲဝင်ခွင့်ပြုမှာဖြစ်ပြီး လာမယ့်တစ်ပတ်ပွဲစဉ်တွေမှာ စတင် အကောင်းအထည်ပေါ်လာဖို့ရှိပါတယ်။